India (Delhi)

အိန္ဒိယနိုင်ငံ၌ အခြေခံလူတန်းစားများအား အထောက်အပံ့ပေးမည့် အစီအစဉ် ထုတ်ပြန်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာတားဆီးကာကွယ်ရန်အတွက် နိုင်ငံအတွင်း ဆက်သွယ်သွားလာမှုများ ကန့်သတ်တားမြစ်ထားပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများစွာကို ရပ်ဆိုင်းထားရှိရာ အခြေခံလူတန်းစားများ ၏ ဝင်ငွေနှင့် စားနပ်ရိက္ခာ ခက်ခဲမှုမရှိစေရေးအတွက် ရူပီးငွေ ဘီလီယံပေါင်း ၁၇၀၀ အထိ ကျခံသုံးစွဲလျက် အထောက်အပံ့ပေးမည့် အစီအမံများအား အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ၂၆.၃.၂၀၂၀ နေ့ နယူး ဒေလီမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

Pradhan Mantri Gareeb Kalyan Yojana (PMGKBY) scheme ဟု အမည်ရသည့် ထောက်ပံ့မှု အစီအစဉ်သစ်အရ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက် မျဉ်း၏ အောက်တွင်ရှိသူများ၊ လယ်သမားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အလုပ်သမားများအား အုပ်စု ၇ ခုခွဲခြားလျက် ငွေသားနှင့် စားနပ်ရိက္ခာအခမဲ့ ပံ့ပိုးမှုပေးမည်ဖြစ်သည်။

ဝန်ကြီး Ms. Nirmala Sitharaman က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်း၌ ရှေ့တန်းမှ မားမားမတ်မတ်ပါဝင် ဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးပြုစုစောင့် ရှောက်သူ ဆရာဝန်များ၊ သူနာပြုများ၊ သန့်ရှင်းရေးလုပ်သားများအတွက် ကျန်းမာရေး အာမခံအား ရူပီးငွေ သန်း ၅၀၀ အထိ ထားရှိပေးမည်ဖြစ်ကြောင်း၊ PMGKY အစီအစဉ်အရ နိုင်ငံအတွင်း စုစုပေါင်းလူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသော ပြည်သူ သန်း ၈၀၀ အား နောက်လာမည့် သုံးလအတွက် လူတစ်ဦးတစ်လလျှင် ဂျုံ သို့မဟုတ် ဆန် ၅ ကီလိုအားလည်းကောင်း၊ မိသားစုတစ်စု တစ်လလျှင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲ တို့အနက် နယ်မြေဒေသအလိုက် သင့်လျော် မည့် ပဲအမျိုးအစား ၁ ကီလိုအားလည်းကောင်း အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောဆို ပါသည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ကောက်ပဲသီးနှံထောက်ပံ့မှုအတွက် ရူပီးငွေ ဘီလီယံ ၄၀၀ နှင့် ပဲမျိုးစုံထောက်ပံ့မှုအတွက် ရူပီးငွေ ဘီလီယံ ၅၀၊ စုစုပေါင်း စားနပ်ရိက္ခာထောက်ပံ့မှု တန်ဖိုး ရူပီးငွေ ၄၅၀ ဘီလီယံကို သုံးစွဲမည်ဖြစ်သည်။

ငွေသားထောက်ပံ့မှုအစီအစဉ်အား ငွေလက်ခံရရှိမည့်သူ၏ ဘဏ်ငွေစာရင်းသို့ တိုက်ရိုက်လွှဲပြောင်းပေးသည့်စနစ် (Direct Benefits Transfer Framework) ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပထမအုပ်စုဖြစ်သော လယ်သမားများအတွက် ၁ နှစ်တာအတွင်း လယ်သမားတစ်ဦးလျှင် ရူပီးငွေ ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ၎င်းပမာဏအနက် ပထမအသုတ် ရူပီးငွေ ၂၀၀၀ ကို ဧပြီလ ပထမ ရက်သတ္တပတ်အတွင်း ပေးအပ်မည်ဖြစ်ကြောင်း၊ စုစုပေါင်း လယ်သမားဦးရေ ၈၆.၉ သန်းသည် အကျိုးခံစားခွင့်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအုပ်စုဖြစ်သော နေ့စားအလုပ်သမားများအတွက် တစ်ရက်လုပ်အားခ နှုန်းထား ၁၈၂ ရူပီးမှ ၂၀၂ ရူပီးသို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး အလုပ်သမား ဦးရေ သန်း ၅၀ အတွက် အကျိုးခံစား ခွင့်ရမည်ဖြစ်သည်။ တတိယအုပ်စုတွင်ပါဝင်သည့် ဆင်းရဲနွမ်းပါးသူ မုဆိုးမများ၊ အသက် ၆၀ နှစ် အထက်ရှိသူများ၊ မသန်စွမ်းသူများ စုစုပေါင်း လူဦးရေ သန်း ၃၀ ခန့်သည် နောက်လာမည့် သုံးလ အတွက် တစ်ဦးလျှင် ရူပီးငွေ ၁၀၀၀ အား နှစ်ကြိမ်ခွဲ၍ ရရှိမည်ဖြစ်သည်။

စတုတ္ထအုပ်စုအဖြစ် Pradhan Mantri Jan Dhan Yojana ခေါ် လူထုကြီးပွားတိုးတက်ရေး အစီအစဉ်အရ ဘဏ်များ၌ Jan Dhan ငွေစာရင်းဖွင့်လှစ် ထားသည့် အမျိုးသမီးဦးရေ သန်း ၂၀၀ အား နောက်သုံးလတာအတွက် လူတစ်ဦး တစ်လလျှင် ရူပီးငွေ ၅၀၀ ထောက်ပံ့မည်ဖြစ်ပြီး PM Ujjwala ခေါ် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်မျဉ်း၏ အောက်တွင်ရှိသော အိမ်ထောင်ရှင်မများသို့ မီးဖိုဆောင်သုံး LPG ဓါတ်ငွေ့ထောက်ပံ့ရေး အစီအစဉ်အရ နောက်သုံးလတာအတွက် ဗူးသွင်း LPG ဓါတ်ငွေ့ဆလင်ဒါများအား အိမ်ထောင်စု ၈၃ သန်းသို့ အခမဲ့ပံ့ပိုးမည်ဖြစ်သည်။

ပဉ္စမအုပ်စုမှာ အမျိုးသမီးစွမ်းဆောင်ရှင်များအုပ်စုဖြစ်ပြီး လက်ရှိကာလ၌ ကိုယ်ပိုင်လုပ် ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၎င်းတို့အား အပေါင်ပစ္စည်းမဲ့ ချေးငွေအမြင့်ဆုံးပမာဏ ရူပီး ၁၀ သိန်း ခွင့်ပြုထားရာမှ ရူပီးငွေ သိန်း ၂၀ အထိ တိုးမြှင့် ချေးယူခွင့်ပြုမည်ဖြစ်သည်။ ဤအစီအစဉ်အရ အမျိုးသမီး လုပ်ငန်းရှင်ဦးရေ ၆.၃ သန်းက ခံစားခွင့်ရရှိမည်ဖြစ်သည်။

ဆဋ္ဌမအုပ်စု၌ အလုပ်သမားများ၏ လူမှုဖူလုံရေးရန်ပုံငွေအဖွဲ့ (Employees’ Provident Fund Organisation) တွင် မှတ်ပုံတင်ထားသည့် လုပ်သား အင်အားစုပါဝင်ပြီး အစိုးရအနေဖြင့် နောက်သုံးလတာအတွက် အဆိုပါရန်ပုံငွေသို့ လုပ်ခလစာအပေါ် အလုပ်သမားမှထည့်ဝင်ရသည့် ၁၂% နှင့် အလုပ်ရှင်မှ ထည့်ဝင်ရသည့် ၁၂%၊ စုစုပေါင်း ၂၄% အား ကျခံဖြည့်သွင်းပေးမည်ဖြစ် သည်။ သတ္တမအုပ်စုဖြစ်သော တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားဦးရေ ၃၅ သန်းအတွက် သက်သာချောင်ချိရေးရန်ပုံငွေ ရူပီး ၃၁၀ ဘီလီယံကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ဗဟိုအစိုးရအနေဖြင့် ပြည်နယ် အစိုးရများထံသို့ လမ်းညွှန်ချက်များနှင့်အတူ ခွဲဝေချထားပေးမည်ဖြစ် သည်။

အထက်ပါ ထောက်ပံ့မှုများအပြင် ပြည်နယ်များ၌ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်တိုက်ဖျက်ရာတွင် ကနဦးစစ်ဆေးမှုလုပ်ငန်းများ၊ ဓါတ်ခွဲ စမ်းသပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခရိုင်ဓါတ်သတ္တုရန်ပုံငွေမှ ထုတ်နှုတ်သုံးစွဲနိုင်ရေး ရန်ပုံငွေဖြည့်ဆည်းပေးမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိ စစ်ဆေးပေးနိုင်သည့် ဓါတ်ခွဲခန်းများမှာ ယခင်က ၁၅ ခုသာရှိရာမှ ၂၁.၃.၂၀၂၀ နေ့တွင် အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ဓါတ်ခွဲခန်းများသို့ စမ်းသပ်စစ်ဆေးခွင့်ပြုခဲ့ရာ ယခုအခါ အစိုးရအသိအမှတ်ပြု ဓါတ်ခွဲခန်း ၅၂ ခု၌ စစ်ဆေးပေး လျက်ရှိကြောင်း၊ ဓါတ်ခွဲစမ်းသပ်မှု နမူနာတစ်ခုလျှင် ကနဦးစမ်းသပ်ခ (Screening test) ရူပီးငွေ ၁၅၀၀ နှင့် အတည်ပြုဓါတ်ခွဲစမ်းသပ်ခ (Confirmation test) ရူပီးငွေ ၃၀၀၀၊ စုစု ပေါင်းရူပီးငွေ ၄၅၀၀ ထက်ပိုမိုကျသင့်ခြင်းမရှိစေရန်နှင့် ယခုကဲ့သို့ အမျိုးသားအဆင့် ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေတွင် အခမဲ့စစ်ဆေးပေးခြင်း သို့မဟုတ် အစိုးရထောက်ပံ့သည့် ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ရန် ညွှန်ကြားထား ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Sitharaman unveils Rs 1.7 lakh crore package for poor amid Covid-19 crisis, 26 March 2020, Hindustan Times

                   2. Govt to give extra 5 kg grains, 1 kg pulses for free under PDS for next 3 months, 26 March 2020, Economic Times

                   3. Order F. No. 28015/23/2020-EMR of Ministry of Health and Family Welfare of India, 21st March 2020

Category: India (Delhi)