India (Delhi)

အိန္ဒိယနိုင်ငံ၌ ပြည်ပကုမ္ပဏီများ၏ မိုဘိုင်းဖုန်း ထုတ်လုပ်တင်ပို့မှု တိုးမြှင့်မည်

Last Updated:

အိန္ဒိယနိုင်ငံ အီလက်ထရွန်းနစ်နှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ၁.၄.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည့် အီလက်ထရွန်းနစ်ပစ္စည်းများ အကြီးစားအဆင့် ထုတ်လုပ်မှုမြှင့်တင်ရေးဆိုင်ရာ ချိတ်ဆက်အားပေးမှု (Production Linked Incentive - PLI) အစီအစဉ်အရ လုပ်ငန်းအဆိုပြုလွှာများ တင်သွင်းခဲ့ရာတွင် ပြည်ပကုမ္ပဏီများအား ၅ နှစ်တာ ကာလအတွင်း မိုဘိုင်းဖုန်း နှင့်   အီလက်ထရွန်းနစ်ပစ္စည်းများ တန်ဖိုးဒေါ်လာ ၁၀၀ ဘီလီယံ အထိ ထုတ်လုပ်ခွင့်ပြုရန် အစိုးရ၏ လုပ်ငန်းစိစစ်ခွင့်ပြုရေးကော်မတီက အတည်ပြုခဲ့ကြောင်း သိရှိရသည်။

PLI အစီအစဉ်သည် ၂၀၁၉ ခုနှစ်တွင် ချမှတ်ခဲ့သော အမျိုးသားအဆင့် အီလက်ထရွန်းနစ်ဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ရာ၌ ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ တံဆိပ်ရိုက်နှိပ်ခြင်းနှင့် ထုပ်ပိုးခြင်း (Assembly, Testing, Marking and Packaging (ATMP) units) တို့အပါအဝင် သီးခြားအီလက်ထရွန်းနစ် အစိတ်အပိုင်းများနှင့် မိုဘိုင်းဖုန်းများ ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဖိတ်ခေါ်နိုင်ရန် ရည်ရွယ်လျက် အစပြုဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအစီအစဉ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အား အခြေခံနှစ်အဖြစ်သတ်မှတ်ပြီး နှစ်အလိုက်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုပမာဏမြှင့်တင်မှုအပေါ် မူတည်၍ ၄% မှ ၆% အထိ နှစ်စဉ် တန်ဖိုးထပ်ဆောင်းတိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းကို ၅ နှစ်ကာလအထိ ခွင့်ပြုခြင်းဖြစ်ပါသည်။

နိုင်ငံအတွင်း၌ လုပ်ငန်းမှတ်ပုံတင်ထားရှိပြီး အခြေခံနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုပမာဏ ရူပီးငွေ ၁၀၀ ဘီလီယံနှင့်အထက်ရှိသော ကုမ္ပဏီများအား ၁ လုံး လျှင် အမှာစာ တန်ဖိုး ရူပီး ၁၅၀၀၀ (ဒေါ်လာ ၂၀၀ ခန့်) အထက်ရှိသော မိုဘိုင်းဖုန်းများ ထုတ်လုပ်မှုအပိုင်းတွင်လည်းကောင်း၊ လုပ်ငန်းလည်ပတ်မှု ရူပီး‌ငွေ သန်း ၁၀၀၀ နှင့်အထက်ရှိသော ကုမ္ပဏီများအား ပြည်တွင်းလုပ်ငန်းရှင်များ၏ မိုဘိုင်းဖုန်းထုတ်လုပ်မှုအပိုင်း၌လည်းကောင်း၊ လုပ်ငန်းလည်ပတ်မှု ရူပီး‌ငွေ သန်း ၅၀၀ အထက်ရှိသည့် ကုမ္ပဏီများအတွက် သီးခြားအီလက် ထရွန်းနစ်အစိတ်အပိုင်းများ ထုတ်လုပ်မှု၌လည်းကောင်း  ဇူလိုင်လ ၃၁ ရက်နေ့အထိ အချိန် ၄ လ အတွင်း လုပ်ငန်းအဆိုပြုလွှာတင်သွင်းရန် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန က ၎င်း၏အမိန့်စာတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံရှိ Economic Times သတင်းဌာနက အစိုးရဌာနဆိုင်ရာ အဆင့်မြင့်အရာရှိအချို့၏ ပြောဆိုမှုအား ကိုးကားဖော်ပြရာတွင် PLI အစီအစဉ်၌ပါဝင်လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၂၂ ခုက အဆိုပြုလွှာများ တင်သွင်းခဲ့ကြကြောင်း၊ အစိုးရ၏မူဝါဒရေးရာကောင်စီ၊ စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် လုပ်ငန်းစိစစ်ခွင့်ပြုရေးကော်မတီက မိုဘိုင်းဖုန်းထုတ်လုပ်မည့် ပြည်ပကုမ္ပဏီ ၅ ခု၊ ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် အီလက်ထရွန်းနစ် အစိတ်အပိုင်းများ ထုတ်လုပ်မည့် ပြည်တွင်းလုပ်ငန်း ၆ ခုတို့၏ လျှောက်လွှာများကို အတည်ပြုခဲ့ကြောင်း၊ အစိုးရဝန်ကြီးအဖွဲ့က ထပ်ဆင့်အတည်ပြုပြီးပါက Apple ကုမ္ပဏီသို့ မိုဘိုင်းဖုန်းပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းလျက်ရှိသည့် ပြည်ပကုမ္ပဏီ ၄ ခုနှင့် Samsung ကုမ္ပဏီတို့သည် ၅ နှစ် ကာလအတွင်း မိုဘိုင်းဖုန်းများအား တန်ဖိုးအားဖြင့် ရူပီးငွေ ၇.၃ ထရီလီယံ (ဒေါ်လာ ၁၀၀ ဘီလီယံခန့်)အထိ ထုတ်လုပ်တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ Apple ကုမ္ပဏီနှင့် ကန်ထရိုက်ချုပ်ဆိုထားသည့် ကုမ္ပဏီများဖြစ်သည့် Foxconn နှင့် Wistron တို့သည် အစိုးရက PLI အစီအစဉ်အား ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဧပြီလကတည်းကပင် အိန္ဒိယနိုင်ငံ၌ iPhone 11 နှင့် iPhone SE လက်ကိုင်ဖုန်းများ ထုတ်လုပ်မှုကို စတင်လုပ်ကိုင်ခဲ့ကြကြောင်း၊ Apple ကုမ္ပဏီသို့ မိုဘိုင်းဖုန်းပစ္စည်း ထုတ်လုပ်ပေးသွင်းသည့် ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်သော Pegatron သည် ဥတ္တပရာဒေ့ရှ်၊ အန္တရာပရာဒေ့ရှ်၊ တမီနာဒူ နှင့် ကာနာတကာပြည်နယ်တို့တွင် စက်ရုံများတည်ထောင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ၌ တပ်ဆင်ထုတ်လုပ်သည့် မိုဘိုင်းဖုန်းများအား ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးအထိ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသော Samsung ကုမ္ပဏီသည်လည်း လာမည့် ၅ နှစ်တာ ကာလအတွင်း ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးအထိ တိုးမြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ၎င်းပမာဏအနက် ၈၀% ခန့်သည် ၁ လုံး လျှင် အမှာစာတန်ဖိုး ဒေါ်လာ ၂၀၀ အထက်ရှိသော လက်ကိုင်ဖုန်းများ ထုတ်လုပ်ရန်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် Samsung ကုမ္ပဏီ၏ အိန္ဒိယပြည်တွင်းမှ ထုတ်လုပ်တင်ပို့သည့် မိုဘိုင်းဖုန်းများ၏ ၉၇% သည် ဒေါ်လာ ၂၀၀ အောက် ကုန်ပစ္စည်းများဖြစ်ပြီး နောက်ပိုင်းကာလများ၌ လျော့ချသွားဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းရှိ ဒေသခံကုမ္ပဏီများသည် ရူပီးငွေ ၁၅၀၀၀ အောက်တန်ဖိုးရှိသော မိုဘိုင်းဖုန်းများထုတ်လုပ်မှု နယ်ပယ်သို့ ပိုမိုဝင်ရောက်နိုင်ပြီး ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယအား ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်းနစ် ဒီဇိုင်းစနစ်နှင့် ကုန်ထုတ်လုပ်မှုဗဟိုဌာန ဖြစ်လာစေရန် မျှော်မှန်းချက်ထားရှိရာတွင် အိန္ဒိယအစိုးရ၏ Production Linked Incentive –  PLI  အစီအစဉ်သည်  အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှု ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းများအား အခြားဒေသများသို့ ပြောင်းရွှေ့ရန် စဉ်းစားလျက်ရှိသော ကုမ္ပဏီများနှင့် ဗီယက်နမ်နိုင်ငံကဲ့သို့ လုပ်ငန်းယှဉ်ပြိုင်ဖက်နိုင်ငံများရှိ ကုန်ထုတ်လုပ်ငန်းများအား အိန္ဒိယသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံလာစေရန် ဆွဲဆောင်လုပ်ကိုင်မှုတစ်ရပ်အဖြစ် လေ့လာတွေ့ရှိရပါသည်။

 

Source:         1. Govt panel clears $100-billion mobile export proposals from global manufacturers, 7 Sept 2020, Economic Times

2. Production Linked Incentive Scheme (PLI) for Large Scale Electronics Manufacturing, Notification dated 1st April 2020 of Ministry of Electronics and Information Technology of India

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)