India (Delhi)

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုများမှ သက်သာမှုရရှိစေရေး စီမံဆောင်ရွက်မှု အခြေအနေ

Last Updated:

ကမ္ဘာတစ်ဝန်း နိုင်ငံများစွာ၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်နှံ့လျက် ရှိသည့်နည်းတူ အိန္ဒိယနိုင်ငံတွင်လည်း ၂၀.၃.၂၀၂၀ နေ့ ညနေ ၅ နာရီအချိန်ထိ အဆိုပါ ဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ လူဦးရေမှာ ၂၁၃ ဦးရှိပြီး ၎င်းတို့အနက် ဆေးရုံမှဆင်းခွင့်ရသူ ၂၃ ဦးနှင့် သေဆုံး သူ ၄ ဦးရှိပြီ ဖြစ်ပါသည်။

အိန္ဒိယအစိုးရအနေဖြင့် ပြည်ပမှကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီး နိုင်ရန်အတွက် နယ်စပ်ဂိတ်များမှ ကူးသန်းသွားလာမှုအား ပိတ်ပင်ခြင်း၊ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုများကို ဆိုင်းငံ့ခြင်း၊ နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသားများနှင့် မဖြစ်မနေ ကိစ္စရပ်များအရ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား လေဆိပ်၊ ရေဆိပ်အဝင် အထွက်ဂိတ်များတွင် တင်းကျပ်စွာ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံနယ်နိမိတ်အတွင်းသို့ ပြည်ပလေကြောင်း လိုင်းများမှ ခရီးသည်တင် လေယာဉ်များဆင်းသက်မှုကို အိန္ဒိယစံတော်ချိန်အရ ၂၂.၃.၂၀၂၀ နေ့ နံနက် ၀၅၃၀ နာရီမှ ၂၉.၃.၂၀၂၀ နေ့ နံနက် ၀၅၃၀ နာရီအထိ ယာယီတားမြစ် ပိတ်ပင်သည့် ညွှန်ကြားချက်အား ၁၉.၃.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း၌ ရှိနေပြီးဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူများထံမှ အခြားပုဂ္ဂိုလ်များထံသို့ ထပ်မံ၍ရောဂါပိုးကူးစက်မှုဖြစ်ပေါ်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် အိန္ဒိယအစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက် လျက်ရှိသည်။ အစိုးရဌာနများရှိ  ပြန်တမ်းဝင်အရာရှိငယ်အဆင့်နှင့် အခြားအဆင့်ဝန်ထမ်းများ (Group B and C employees) အင်အား၏ ၅၀% ကို လုပ်ငန်းခွင်နှင့် ၎င်းတို့နေအိမ်များ၌ အပတ်စဉ်အလှည့်ကျစနစ်ဖြင့် တာဝန်ထမ်းဆောင်လျက် အလုပ်လုပ်ကိုင်ကြရန် ဝန်ထမ်းရေးရာနှင့်ပင်စင်ရေးရာဝန်ကြီးဌာနက ၁၉.၃.၂၀၂၀ နေ့တွင် ညွှန်ကြားထားပြီး ၎င်းအစီ အစဉ်ကို ၄.၄.၂၀၂၀ နေ့အထိ ဆောင်ရွက်မည်ဖြစ်သည်။ အလားတူ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကလည်း အခြေခံပညာကျောင်းများအားလုံး၌ ကျင်းပဆဲနှင့် ကျင်းပရန်ရှိသော စာမေးပွဲများအားလုံးကို  ၃၁.၃.၂၀၂၀ နေ့အထိ ဆိုင်းငံ့ထားရန် ၁၈.၃.၂၀၂၀ နေ့ တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး လက်ရှိကာလ၌ တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင်ပါ သင်တန်းပို့ချမှုများ ရွှေ့ဆိုင်းထားသည်။ ကျန်းမာရေးဝန်ကြီးဌာနက အသက်  ၆၅ နှစ် နှင့်အထက် အသက်အရွယ်ကြီးရှိသူများနှင့် ၁၀ နှစ်အောက် ကလေးများအား အများ ပြည်သူဆိုင်ရာနေရာများသို့ သွားရောက်ခြင်း၊ စုဝေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများ၌ ပါဝင်ခြင်းတို့ကို ရှောင်ကြဉ်လျက် နေအိမ်၌သာ နေထိုင်ကြရန် အကြံပြုထားသည်။ ပုဂ္ဂလိကကိုယ်ပိုင်လုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် လည်း ၎င်းတို့၏ဝန်ထမ်းများအား နေအိမ်မှသာ တာဝန်ထမ်းဆောင် စေရေး တတ်နိုင်သရွေ့လုပ်ဆောင်ကြရန် အစိုးရက တိုက်တွန်းထားသည်။

အိန္ဒိယ ရထားပို့ဆောင်ရေးလုပ်ငန်းကလည်း ၁၉.၃.၂၀၂၀ နေ့တွင် ရထားခရီးစဉ် ၈၆ ခုကို ထပ်မံဖျက်သိမ်းပြီး ခရီးသည်များအား လက်မှတ်ခများ ပြန်ထုတ်ပေးလျက်ရှိရာ ၃၁.၃.၂၀၂၀ နေ့အထိ နိုင်ငံတစ်ဝန်း ရပ်ဆိုင်းထားသည့် ရထားခရီးစဉ်ပေါင်း ၁၅၅ ခုရှိပြီဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် မြင့်တက်များပြားလျက်ရှိသည့် ပြည်နယ်များ၌ ခရီးသွားလာမှုများကို ကန့်သတ်တားမြစ်ထားပြီး ဒေလီမြို့ တော် ဒေသန္တရအစိုးရက ၂၀.၃.၂၀၂၀ နေ့မှစ၍ အရေးကြီးဆောင်ရွက်ရန်မဟုတ်သော အစိုးရဝန်ဆောင်မှုများအား ဆိုင်းငံ့ထားရန်၊ နိုင်ငံရေး၊ လူမှုရေး နှင့်ယဉ်ကျေးမှုဆိုင်ရာ စုဝေးမှုများအား လူ ၂၀ ဦးထက်ပိုမိုပါဝင် ဆောင်ရွက်ခြင်းမပြုရန်၊ စားသောက်ဆိုင်လုပ်ငန်းများအား ဆိုင်၏ဥပစာ၌ တည်ခင်း ဝန်ဆောင်မှုပေးခြင်း မပြုပဲ ပြင်ပသို့ယူဆောင်ရန်ရောင်းချခြင်းနှင့် အိမ်အရောက်ပို့ခြင်းတို့ဖြင့်သာ ဆောင်ရွက်ရန်ညွှန်ကြားထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရင်ဒရာမိုဒီက ၁၉.၃.၂၀၂၀ နေ့ ညနေပိုင်း၌ ပြည်သူများသို့ မိန့်ခွန်းပြောကြားရာတွင် အစိုးရသည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဦးဆောင်သည့် Covid-19 Economic Task Force လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်သူလူထု အနေဖြင့် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ကြရန် မေတ္တာရပ်ခံခဲ့သည်-

(က)    ပြည်သူတစ်ဦးချင်းတိုင်းသည် ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်အား သတိရှိကြရန်နှင့် အလွန်အရေးကြီးသည့် ကိစ္စရပ်မှအပ နေအိမ်ပြင်ပသို့ သွားရောက်ခြင်းအား ရှောင်ကြဉ်ရန်၊

(ခ)     သက်ကြီးရွယ်အိုများအားလုံးအနေဖြင့် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊

(ဂ)     ၂၂.၃.၂၀၂၀ နေ့ နံနက် ၇ နာရီမှ ည ၉ နာရီအတွင်း Janta Curfew ခေါ် နေအိမ် ပြင်ပသို့ သွားရောက်ခြင်းမှ ပြည်သူအားလုံးက ရှောင်ကြဉ်ကြရန်၊

(ဃ)    ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကာလအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွန့်စားလုပ်ဆောင်နေသူများအား တညီတညွတ် လက်ခုပ်တီး၍ ဩဘာပေးခြင်း ကို ၂၂.၃.၂၀၂၀ နေ့ ညနေ ၅ နာရီအချိန်၌ ပါဝင်ဆောင်ရွက်ကြရန်၊

(င)     ဆေးရုံများ၌ မလိုအပ်သော ဝန်ထုပ်ဝန်ပိုးများမဖြစ်စေရေးအတွက် သာမန်အား ဖြင့် ဆေးစစ်မှုခံယူခြင်း ဆောင်ရွက်ခြင်းမပြုပဲ ရက်ရွှေ့ဆိုင်းမှုပြုရန်၊

(စ)     ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဝန်ထမ်းများအား အကြပ်အတည်း ကာလအတွင်း လစာလျော့ချ ဖြတ်တောက်ခြင်းများ မပြုရန်၊

(ဆ)    အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ လုံလောက်မှုရှိသဖြင့် လူထု အကြား အထိတ်တလန့်ဖြင့် ဝယ်ယူစုစည်းခြင်းကို ရှောင်ကြဉ်ရန်၊

(ဇ)     ကောလာဟလများကို လက်ခံယုံကြည်မှုမရှိပဲ ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်အား ကာကွယ်ရာတွင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရန်။

၇။      ကိုရိုနာဗိုင်းရပ်စ်၏သက်ရောက်မှုနှင့်အတူ နှေးကွေးကျဆင်းလျက်ရှိသော နိုင်ငံ၏ စီးပွားရေးအခြေအနေကို အထောက်အပံ့ဖြစ်စေရန်အတွက် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းငယ်များအတွက် ချေးငွေပေးဆပ်မှုအစီအစဉ် ပြန်လည်ရေးဆွဲခြင်း၊ ချေးငွေကာလ သတ်မှတ်ချက် တိုးမြှင့်ပြင်ဆင်ခြင်း၊ ချေးငွေကာလစေ့ရောက်ချိန်၌ ပြန်လည်ပေးဆပ်နိုင်မှု မရှိ သည့် အခြေအနေ သတ်မှတ်ချက်များအား လုပ်ငန်းငယ်များအတွက် ဖြေလျော့ခြင်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (GST) အား ဖယ်ရှား ပေးခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများအတွက် ချေးငွေပေးဆပ်မှုဆိုင်ရာ သက်သာခွင့်များ ပေးအပ်ခြင်းတို့အပါအဝင် အခွန်နှုန်းထားများလျော့ချမှုနှင့် ချေးငွေ လွယ်ကူစွာရရှိစေရေး ဖြေလျော့မှုများကိုဆောင်ရွက်ရန် စဉ်းစားလျက်ရှိကြောင်း ၎င်းဝန်ကြီးဌာနမှ အမည်မဖော် ပြလိုသည့် အရာရှိတစ်ဦး ပြောကြား ချက်အရသိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကာလအတွင်း ပြည်တွင်းအရင်းအနှီးဈေးကွက်၌ ငွေ ဖြစ်လွယ်မှုကို မြှင့်တင်ရန်အလို့ငှာ အိန္ဒိယဗဟိုဘဏ် (RBI) သည် Open Market Operations (OMOs) ခေါ် ဈေးကွက်အတွင်း ငွေကြေး ဖြည့်ဆည်းသည့်စနစ်ဖြင့် ငွေချေးသက်သေခံလက်မှတ် များအား ရူပီးငွေ ၁၀၀ ဘီလီယံတန်ဖိုးအထိ ဝယ်ယူခြင်းကို ၂၀.၃.၂၀၂၀ နေ့တွင် လေလံခေါ်ယူ ဆောင်ရွက်ခဲ့သည်။ ထိုသို့လေလံခေါ်ယူရာတွင် ပါဝင်သူများထံမှ ရူပီးငွေ ၄၅၀ ဘီလီယံကျော် အထိ ကမ်းလှမ်းမှုရှိခဲ့ရာ ဈေးကွက်အခြေအနေကို ပြန်လည်သုံးသပ်လျက် ငွေချေးသက်သေခံ လက်မှတ်များအား ရူပီးငွေ ၃၀၀ ဘီလီယံတန်ဖိုးအထိ နှစ်သုတ်ခွဲ၍ ဝယ်ယူခြင်းကို ၂၄.၃.၂၀၂၀ နေ့၌ ဒုတိယအကြိမ် ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း RBI က ၂၀.၃.၂၀၂၀ နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လတ်တလောကာလ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုဂယက်ကြောင့် တရုတ်နိုင်ငံထံမှ ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စတပ်ဆင်ပြီး စက်ပစ္စည်း များကို တင်သွင်းရယူ၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးထုတ်လုပ်မှု၊ သမားရိုးကျနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ စက်ကိရိယာထုတ်လုပ်မှု၊ အီလက်ထရွန်းနစ်နှင့် ဓါတုပစ္စည်းထုတ် လုပ်မှု၊ မော်တော်ယာဉ်စက်ပစ္စည်းကိရိယာ ထုတ်လုပ်မှုစသည့် လုပ်ငန်းများမှာ ကုန်ထုတ် လုပ်မှုများ နှောင့်နှေးကျဆင်းထိခိုက်မှုကို ကြုံတွေ့ရဖွယ်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တို့ အပေါ်၌ တိုက်ရိုက် ထိခိုက်သက်ရောက်မှုရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Economic Times news agency:-

  1. India considers easier loan, tax rules to help economy endure coronavirus pain, Mar 19, 2020
  2. Checking coronavirus: Centre orders work from home, staggered working hours for its staff, Mar 19, 2020
  3. India issues new coronavirus advisory ahead of Modi's address, Mar 19, 2020
Category: India (Delhi)