India (Delhi)

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်သည့် နယ်မြေဒေသများတွင် အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်မည်

Last Updated:

အိန္ဒိယနိုင်ငံတွင် နိုင်ငံတစ်ဝန်းလုံး၌ အသွားအလာကန့်သတ်တားမြစ်ထားခြင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖြေလျော့လျက် Covid-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရေး အစီအမံများကို ဒေသန္တရအစိုးရများ၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သော်လည်း ဒေလီမြို့တော် ပြည်ထောင်စုနယ်မြေ၊ မဟာရတ္ထ၊ တမီနာဒူ၊ ဂူဂျရတ်၊ ဥတ္တပရာ‌ဒေ့ရှ်၊ ရာဂျပ်စတန် စသည့်ပြည်နယ်များနှင့် အခြားမြို့ကြီးများ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ မြင့်တက်လျက်ရှိရာ အဆိုပါနယ်မြေဒေသများ၌ အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင်ဒရာမိုဒီ က ၁၃.၆.၂၀၂၀ နေ့၌ ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လမ်းညွှန်မှာကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ပြည်နယ်/ ပြည်ထောင်စု နယ်မြေ ၅ ခု၌ ဖြစ်ပေါ်လျက်ရှိပြီး မြို့ကြီးများ၌ အဆိုပါရောဂါ ကူးစက်ခံရမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် ရောဂါကူးစက်ခံရသည့်လူနာများအား လက်ခံကုသပေးရန် ဆေးရုံများ၌ ကုတင်နေရာရရှိမှုဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရ ပါသည်။ အထူးသဖြင့် ဒေလီမြို့တော်၌ ဇွန်လဒုတိယပတ် နှောင်းပိုင်းနေ့ရက်များတွင် Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာအသစ် ၁၅၀၀ ကျော် နေ့စဉ်တွေ့ရှိလာရပြီး အဆိုပါ ရောဂါဝေဒနာသည်များအတွက် ဆေးရုံကုတင်နေရာရရှိနိုင်မှု အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသည့်အပေါ် ဒေလီမြို့ အခြေစိုက် အိန္ဒိယကုန်သည်များ ကွန်ဖက်ဒရေးရှင်း (CAIT) က နိုင်ငံတစ်ဝန်းရှိ ကုန်သည်အသင်းအဖွဲ့ပေါင်း ၂၈၀၀ ထံမှ သဘောထားစစ်တမ်းကောက်ယူခဲ့ရာ၌ ဗိုင်းရပ်စ်ကူးစက်မှု အား ထိန်းချုပ်နိုင်မှုအခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိပါက ဈေးများ၊ ဈေးဝယ်စင်တာများရှိဆိုင်များကို ပိတ်သိမ်းရန် ဆန္ဒရှိကြောင်း အဆိုပါ ကုန်သည်များ၏ ၈၈% က ထုတ် ဖော်ပြောကြားခဲ့ကြသည်။

သို့ဖြစ်ရာ ၁၄.၆.၂၀၂၀ နေ့တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားသည် ဒေလီပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် အဆင်မြင့်အရာရှိများနှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဒေလီမြို့တော်၌ Covid-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရအနေဖြင့် ရထားတွဲဆိုင်း ၅၀၀ အား ကုတင်နေရာ ၈၀၀၀ ရရှိစေမည့် ဆေးကုသမှု နေရာအဖြစ် ပြောင်းလဲပေးခြင်း၊ ဒေလီမြို့၌ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်မှုအား ကူညီရန် အဆင့်မြင့်အရာရှိ ၅ ဦးအား တာဝန်ပေးအပ်လျက် ဆေးရုံများတွင် အောက်ဆီဂျင်ဆလင်ဒါများ၊ အသက်ရှု အကူစက်ကိရိယာများနှင့် အခြားလိုအပ်သည့် အထောက်အပံ့များပေးခြင်း၊ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို ဇွန်လ တတိယပတ်မှစတင်၍ ၂ ဆတိုးမြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေလီပြည်ထောင်စုနယ်မြေဝန်ကြီးချုပ် အာဗင်ကီဂျရီဝယ်က ၎င်းတို့အနေဖြင့် မြို့တော်အား lockdown ထပ်မံချမှတ်ခြင်းပြုမည် မဟုတ်ကြောင်း၊ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအား တိုးမြှင့်လုပ်ဆောင်ရာတွင် ဗဟိုအစိုးရ၏ ညွှန်ကြားမှုအရ နောက်ဆုံးအတည်ပြုထားပြီးဖြစ်သည့် Standard Q Covid-19 Ag Antibody Testing Kit ခေါ် ဇီဝဆန့်ကျင်ပစ္စည်းဖြင့် စစ်ဆေးသည့်စနစ်ကို အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း ၁၅.၆.၂၀၂၀ နေ့၌ ပြောဆိုပါသည်။ လက်ရှိစံသတ်မှတ်ထားသော RT-PCR Test စနစ်ဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ/ မရှိ စစ်ဆေးမှုမှာ တစ်ကြိမ်လျှင် ရူပီးငွေ ၄၅၀၀ ကျသင့်ပြီး အချိန် ၃ နာရီမှ ၄ နာရီခန့်အထိ ကြာမြင့်မှုရှိပါသည်။ ယခု Antibody Testing Kit ဖြင့် စမ်းသပ်မှုမှာ မိနစ် ၃၀ ခန့်သာကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တစ်ကြိမ်လျှင် ရူပီးငွေ ၄၅၀ ခန့်သာကျသင့်မည်ဖြစ်၍ ဒေလီမြို့တော်အတွင်း အထူးကန့်သတ်ထား သည့် Containment Zones နယ်မြေပေါင်း ၂၂၂ ခုမှ  ဓာတ်ခွဲနမူနာများအား ဤနည်းစနစ်ကို အသုံးပြု၍ စစ်ဆေးဆောင်ရွက်ရန် အစိုးရက ညွှန်ကြားထားကြောင်း သိရှိရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၁၇.၆.၂၀၂၀ နေ့၊ နံနက် ၈ နာရီအချိန်အထိ နိုင်ငံတစ်ဝန်း၌ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာအရေအတွက်မှာ ၃၅၄၀၆၅ ဦးရှိပြီး မဟာရတ္ထနှင့် တမီနာဒူ ပြည်နယ်များ၏နောက်တွင် ဒေလီပြည်ထောင်စုနယ်မြေသည် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄၆၈၈ ဦးဖြင့် တတိယအများဆုံးနေရာ၌ တည်ရှိ နေကြောင်း တွေ့ရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. A renewed effort in Delhi, 15 Jun 2020, Hindustan Times

                    2. Kejriwal says no lockdown, labs to double down on tests, 16 Jun 2020, Economic 

                       Times

Category: India (Delhi)