India (Delhi)

အိန္ဒိယနိုင်ငံ၌ ကလိုရိုကွင်းဆေးဝါးများ တိုးမြှင့်ထုတ်လုပ်ဖွယ်ရာရှိခြင်း

Last Updated:

ကမ္ဘာတစ်ဝန်း၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာများအား ရောဂါကုသ ပျောက်ကင်းရန် ဆေးပညာရှင်များက ကြိုးပမ်းလျက်ရှိရာ တရုတ်နိုင်ငံ၊ ဝူဟန်ပြည်နယ်၊ Renmin Hospital of Wuhan University မှ ဒေါက်တာ Zhan Zhang ဦးဆောင်သည့် ဆရာဝန်အဖွဲ့သည် ငှက်ဖျားရောဂါကုသမှု၌ သုံးစွဲသည့် ဟိုက်ဒရောဆီကလိုရိုကွင်း (HCQ) ဆေးဝါးများဖြင့် လူနာ ၆၂ ဦးအား ကွက်ကောက်ကုသမှုပြုလုပ်ခဲ့ရာတွင် ရောဂါဝေဒနာအား သက်သာမှုရရှိစေသည်ကို တွေ့ ရှိခဲ့ကြပါသည်။

အိန္ဒိယနိုင်ငံသည် HCQ ကလိုရိုကွင်းဆေးဝါးများအား ထုတ်လုပ်သည့် အဓိကနိုင်ငံတစ်ခု ဖြစ်ပြီး အိန္ဒိယဆေးသုတေသနကောင်စီ Indian Council of Medical Research (ICMR) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာများနှင့် ကူးစက်မှုရှိသည်ဟု သံသယဖြစ်ဖွယ်ရှိသူများအပြင် ရောဂါလက္ခဏာ မပြသော်လည်း ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဓါတ်ခွဲစစ်ဆေးအတည်ပြုခံရသူများအား အဆိုပါဆေးဝါးဖြင့် ကုသမှုပေးရန် ထောက်ခံချက်ပြုထား ပါသည်။

လတ်တလော ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ များပြားလာသည်နှင့်အမျှ သုံးစွဲရန်လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်မှုမဖြစ် ပေါ်စေ ရေးအတွက် အိန္ဒိယအစိုးရသည် မူလကလွတ်လပ်စွာ တင်ပို့ခွင့်ပြုထားသည့် အချို့သောဆေးဝါးများအား ကန့်သတ်တင်ပို့ ကုန်စည်များအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သကဲ့သို့ Hydroxychloroquine (HCQ) ပါဝင်သည့် ဆေးဝါးများကိုမူ ၄.၄.၂၀၂၀ နေ့တွင် အမိန့်ထုတ်ပြန်လျက် ပြည်ပသို့ တင်ပို့ ခြင်းမှ အပြည့်အဝ တားမြစ်ပိတ်ပင်ခဲ့ပါသည်။

သို့ရာတွင် အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဘရာဇီးလ်နှင့် တောင်အာရှဒေသနိုင်ငံများအပါအဝင် နိုင်ငံများစွာ က ထိုကဲ့သို့ဆေးဝါးများ ပြည်ပတင်ပို့မှုပိတ်ပင်ထားခြင်းကို ဖြေလျော့ပေးရန် တောင်းဆိုလျက်ရှိပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၄.၄.၂၀၂၀ နေ့ နံနက်ပိုင်းတွင်ပင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ တယ်လီဖုန်းဖြင့်ဆက်သွယ်လျက် အမေရိကန်ကုမ္ပဏီများက မှာယူထားသည့် အဆိုပါဆေးဝါးများအား ရောင်းချပေးရေး ဖြေလျော့ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ HCQ ဆေးဝါးများ သည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါအား ကုသရာ၌ အဓိကအဆုံးအဖြတ်ပေးနိုင်သည့် Game Changer ဖြစ်ဖွယ်ရာရှိကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုထား ပါသည်။ အလားတူ ဘရာဇီးလ်သမ္မတ Jair Bolsonaro ကလည်း HCQ ဆေးဝါးများ ရောင်းချပေးရန် အိန္ဒိယဝန်ကြီးချုပ်ထံ ၄.၄.၂၀၂၀ နေ့တွင် ဆက်သွယ်ပြောဆိုခဲ့ကြောင်း ၎င်း၏ တွစ်တာအင်တာနက် စာမျက်နှာ၌ ရေးသားဖေါ်ပြပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တောင်းဆိုမှုအပေါ် အိန္ဒိယအနေဖြင့် တတ်အားသရွေ့ ဆောင်ရွက်မည်ဖြစ်သည်ဟု ဝန်ကြီးချုပ်မိုဒီက ၎င်းနေ့ည နေပိုင်းတွင်ပင် ဆက်သွယ်ဖြေကြားခဲ့ကြောင်း၊ ဌာနဆိုင်ရာများထံမှ ကြားသိရမှုအရ အိန္ဒိယအစိုးရသည် အဆိုးရွားဆုံး အခြေအနေနှင့် ကြုံတွေ့လာရ ခဲ့ပါက နိုင်ငံ၏များပြားလှစွာသော လူဦးရေပမာဏအတွက် လိုအပ်သော ဆေးဝါးများ လွယ်လင့်တကူရရှိစေရေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းသုံးစွဲ ရန်လုံလောက်နိုင် ချေရှိမှသာ ပြည်ပသို့တင်ပို့မှုကို ခွင့်ပြုဖွယ်ရှိကြောင်း Hindustan Times သတင်းဌာနက ရေးသားဖေါ်ပြပါသည်။

အိန္ဒိယနိုင်ငံရှိ The Print သတင်းဌာနမှ ဖေါ်ပြချက်အရ မကြာမီကာလကပင် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ HCQ ဆေးဝါး များအား အဓိကထုတ်လုပ်သည့် IPCA laboratories နှင့် Zydus Cadila ဆေးဝါးကုမ္ပဏီ ၂ ခုသို့ အဆိုပါဆေးပြားများ သန်း ၁၀၀ ထုတ်လုပ်ပေးသွင်းရန် မှာယူခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ အမျိုးသားဆေးဝါးဈေးနှုန်းများကြပ်မတ်မှု အာဏာပိုင်အဖွဲ့ (NPPA) ၏ ဥက္ကဋ္ဌ Ms. Shubhra Singh က ပြည်တွင်းရှိ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်အနေဖြင့် လစဉ် HCQ ဆေးဝါး တန်ချိန် ၄၀ (၂၀၀ မီလီဂရမ် ဆေးပြား သန်း ၂၀၀) အထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ပြောကြားကြောင်းသိရှိရသည်။ အိန္ဒိယဆေးကုမ္ပဏီများအနေဖြင့် အစိုးရ၏အမှာစာများကို ဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်းများစတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ဟိုက်ဒရောဆီကလိုရိုကွင်း (HCQ) ဆေးဝါးများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအား သက်သာပျောက်ကင်းစေကြောင်း ခိုင်မာသေချာမှုများရှိပါက ထုတ်လုပ်မှုကို ပိုမိုတိုး မြှင့်လာဖွယ်ရှိနေပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Trump seeks Modi's help to release Hydroxychloroquine ordered by US to treat COVID-19 patients, 5 Apr 2020, Economic Times

                   2. ‘Will do all we can’: How PM Modi responded to Trump’s request on Covid-19 drug, 5 Apr 2020, Hindustan Times

                   3. Govt places order for 10 crore hydroxychloroquine tablets with Ipca labs and Zydus Cadila, 4 Apr 2020, The Print

                  4. Results from a Controlled Trial of Hydroxychloroquine for COVID-19, 4 Apr 2020, www.contagionlive.com

Category: India (Delhi)