India (Delhi)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်၌ ဆက်သွယ်သွားလာမှုများအား မတ်လ ၃၁ ရက်နေ့အထိ တားမြစ်ကန့်သတ်လိုက်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၂၇ ဦး အနက် ၆ ဦးမှာ ပြည်ပသို့သွားရောက်ခြင်းမရှိပဲ ပြည်တွင်း၌ပင် ထပ်ဆင့်ကူးစက်ခံရပြီးသည့်နောက် ဗိုင်းရပ်စ်ကူးစက်မှုတားဆီးကာကွယ်ရေးအား မြှင့်တင်ဆောင်ရွက်ချက်အဖြစ် ၂၃.၃.၂၀၂၀ နေ့ နံနက် ၆ နာရီမှ စတင်၍ ၃၁.၃.၂၀၂၀ နေ့၊ ညသန်းခေါင်ယံအချိန်အထိ မြို့တော်နယ်နိမိတ်အတွင်း ဆက်သွယ်သွားလာမှုများအား တားမြစ်ကန့်သတ်လိုက်ကြောင်း ဒေလီမြို့တော် ပြည်ထောင်စု နယ်မြေ အစိုးရက ၂၂.၃.၂၀၂၀ နေ့တွင် အမိန့်ထုတ်ပြန်လိုက်ပါသည်။

 ဒေလီပြည်ထောင်စုနယ်မြေအစိုးရ ဝန်ကြီးချုပ် Mr. Arvind Kejriwal က ပြည်သူလူထု၏ ကျန်းမာရေးနှင့် ဒေလီမြို့တော်နှင့်တစ်နိုင်ငံလုံး၏ အကျိုး စီးပွားအလို့ငှာ ထူးခြားဖြစ်စဉ်ကာလ၌ အထူးလိုအပ်သော စီမံဆောင်ရွက်မှုများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ဆက်သွယ်သွားလာမှုများအား တားမြစ်ကန့်သတ်ထားသည့် ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ချမှတ်ထားကြောင်းနှင့် ၎င်းအချက်များကို ဖေါက်ဖျက် ကျူးလွန်သူအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဒေလီမြို့တော်၌ ဆက်သွယ်သွားလာမှု တားမြစ်ပိတ်ပင်ထားသည့် ကာလအတွင်း သုံးဘီး မော်တော်ယာဉ်များ၊ တက္ကစီများနှင့် ပုဂ္ဂလိကဘတ်စ်ကားများ အပါအဝင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများအားလုံးကို ပြေးဆွဲလုပ်ဆောင်ခွင့်မပြုကြောင်း၊ အစိုးရဌာနများ၏ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းများအတွက်သာ ဒေလီသယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်း၏ ဘတ်စ်ကား ၂၅% ကို ပြေးဆွဲမည်ဖြစ်ကြောင်း၊ အရေးကြီး ကုန်စည် များသယ်ယူပို့ဆောင်ခြင်းမှ အပအခြားသောပြည်နယ်ဒေသများနှင့် ကူးသန်းသွားလာမှုများကိုလည်း တားမြစ်ထားပြီး ဒေလီမြို့တော်နှင့် ပြည်နယ်များ အကြားပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်းများ၊ မီးရထားခရီးစဉ်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် များကိုလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကာလအတွင်း ဈေးဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ဂိုထောင်များ၊ အပတ်စဉ်ဖွင့်လှစ် သည့်ဈေးများ၊ ပုဂ္ဂလိကရုံးလုပ်ငန်းများနှင့် ဘာသာရေး ဆိုင်ရာနေရာများအား ပိတ်ထားရန်နှင့် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုကြောင်း ဒေလီပြည်ထောင်စု နယ်မြေအစိုးရက ညွှန်ကြားထားသည်။

သို့ရာတွင် မီးသတ်စခန်း၊ ရဲစခန်း၊ အကျဉ်းထောင်၊ တရားရုံး၊ လျှပ်စစ်၊ ရေနှင့် သန့်ရှင်းရေး ဌာနများ၊ အီလက်ထရွန်းနစ်နှင့် ပုံနှိပ်သတင်းမီဒီယာ လုပ်ငန်းများ၊ တယ်လီဖုန်း၊ အင်တာနက်၊ စာတိုက် စသည့်ဆက်သွယ်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ရိက္ခာခွဲဝေရောင်းချသည့် Ration ဆိုင်များ၊ မုန့်တိုက်များ၊ ဆေးဆိုင်များ၊ စက်သုံးဆီ အရောင်းဆိုင်များနှင့် E-commerce ဝန်ဆောင်မှုလုပ်ငန်းများကို လည်ပတ်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်သည်။ စားသောက်ဆိုင်လုပ်ငန်းများအနေဖြင့် ဆိုင်ပြင်ပသို့ ယူဆောင်ရန်ရောင်းချမှုနှင့် အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမှုတို့ကို ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။

Mr. Arvind Kejriwal က အဆိုပါတားမြစ်ကာလအတွင်း အခြေခံဝန်ဆောင်မှုများရယူရန် နေအိမ်ပြင်ပသို့ သွားရောက်ခြင်းဖြစ်ပါက အခြားမည်သည့် စစ်ဆေးမေးမြန်းမှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ဒေလီမြို့ရှိ ပြည်သူလူထုအနေဖြင့် အရေးကြီးသည့်ကိစ္စရပ်မှအပ ပြင်ပသို့ သွားရောက်မှု မပြုပဲ နေအိမ်၌သာနေထိုင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာတားဆီးကာကွယ်ခြင်းကို ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း တိုက်တွန်းပြော ကြားထားပါသည်။

ဒေလီမြို့တော် ရဲတပ်ဖွဲ့ကလည်း ၂၂.၃.၂၀၂၀ နေ့၊ ည ၉ နာရီ အချိန်မှစ၍ ၃၁.၃.၂၀၂၀ နေ့ သန်းခေါင်ယံအချိန်အထိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားစသည့် မည်သည့်အကြောင်းနှင့်မျှ လူပုဂ္ဂိုလ် ၄ ဦး ထက်စုဝေးခြင်း မပြုရန် ပုဒ်မ-၁၄၄ အမိန့်ကို ၂၂.၃.၂၀၂၀ နေ့ နံနက်ပိုင်း၌ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယအစိုးရက သက်ဆိုင်ရာပြည်နယ်အစိုးရများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ကာကွယ်နိုင်ရေးလိုအပ်သော အစီအမံ များဆောင်ရွက်ရန် ညွှန်ကြားထားရာ နိုင်ငံတစ်ဝန်း၌ ၎င်းဗိုင်းရပ်စ် ကူးစက်မှုရှိနေသည့် ခရိုင် ၇၅ ခုတွင် ဆက်သွယ်သွားလာမှုများ အပြည့်အဝ တားမြစ်ပိတ်ပင်ခြင်းအား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၂၂.၃.၂၀၂၀ နေ့ ညနေ ပိုင်းအထိ Uttar Pradesh, Maharashtra, Karnataka, Tamil Nadu, Kerala, Nagaland, Uttarakhand, Rajasthan, Punjab, Telangana, Jharkhand နှင့် West Bengal ပြည်နယ်များ ၌ အလားတူ တားမြစ်သည့် အမိန့်များထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ

Source:         Coronavirus: CM Kejriwal announces complete lockdown in Delhi from 6 am on Monday till March 31, 22 March 2020, India Today

Category: India (Delhi)