India (Delhi)

အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ဆက်သွယ်သွားလာမှုများ ကန့်သတ်တားမြစ်ခဲ့ပြီးနောက် ပထမ ရက်သတ္တပတ်၌ စီမံဆောင်ရွက်မှု အခြေအနေ

Last Updated:

အိန္ဒိယနိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်မှုအား ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းလုံး၌ ဆက်သွယ် သွားလာမှုများကို ၂၁ ရက်ကြာ ကန့်သတ်တားမြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာနက ၂၄.၃.၂၀၂၀ နေ့၌ အမိန့်ကြော်ငြာ စာ ထုတ်ပြန်ခဲ့မှုအရ ပြည်နယ်/ ပြည်ထောင်စုနယ်မြေဒေသ အသီးသီး၌ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ၂ ရပ်လုံးရှိ လုပ်ငန်းဆောင်ရွက်မှုများစွာကို ယာယီရပ်ဆိုင်းထားရှိပြီး ဆက်သွယ်သွားလာမှု များ ကန့်သတ်ခြင်းကို ၂၅.၃.၂၀၂၀ နေ့မှစတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ လုပ်ငန်းများရပ်ဆိုင်းမှုက ပထမ ၂ ရက်တာကာလ၌ ဒေသအသီးသီးရှိ ကုန်စည်သယ်ယူပို့ဆောင်မှု လုပ်ငန်းများကို ရပ်တန့်မှုဖြစ်ပေါ်စေခဲ့ပြီး မြို့ကြီးများရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၌ လုပ်ကိုင်လျက်ရှိသော နေ့စား အလုပ်သမား အင်အားစု၏ နေ့စဉ်ရှင်သန်ရပ်တည်နိုင်မှုအပေါ် ကြီးစွာသော သက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။

Hindustan Times သတင်းဌာနမှ ဖေါ်ပြချက်အရ သွားလာမှုကန့်သတ်တားမြစ်ခြင်း (Lockdown) စတင်သည့် ပထမနေ့တွင် နိုင်ငံတစ်ဝန်းရှိ သယ်ယူပို့ဆောင်ဆဲ ကုန်တင်ယာဉ်အရေအတွက်၏ ၇၅% (၂.၅ သိန်းမှ ၃သိန်း) ခန့်သည် အဝင်အထွက်ဂိတ်များ၌ ဖြတ်သန်းခွင့်မရပဲ အဝေးပြေး လမ်းများပေါ်တွင် ပိတ်မိနေခဲ့ကြောင်း၊ အလားတူမီးရထားဖြင့် ကုန်စည်ပို့ဆောင်မှုများသည်လည်း ဇုန်နယ်မြေတစ်ခုမှ အခြားတစ်ခုသို့ ဖြတ်သန်း ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုမိန့် အကြိမ်ကြိမ်ရယူလျက် ခုတ်မောင်းရခြင်းက ခရီးကြန့်ကြာမှုများ ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

ဗဟိုအစိုးရ၏လမ်းညွှန်ချက်တွင် ခွင့်ပြုထားသော်လည်း လက်တွေ့မြေပြင်၌ ဒေသအချို့ရှိ ရဲတပ်ဖွဲ့နှင့် မြူနီစီပယ် တို့ကဲ့သို့သော စစ်ဆေးကြပ်မတ် သည့် အဖွဲ့အစည်းများက ကွဲလွဲစွာအဓိပ္ပါယ်ကောက်ယူလျက် တားမြစ်ခြင်းများကြောင့် စားသောက်ကုန်အရောင်းဆိုင်လုပ်ငန်းများ၏ ၈၀% ခန့်သည် ပထမနေ့တွင် ဖွင့်လှစ်ရောင်းချနိုင်ခြင်းမရှိကြောင်း၊  Flipkart, Amazon နှင့် Snapdeal စသည့် အိမ်အရောက်ပို့စနစ် ဝန်ဆောင်မှုများကလည်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၎င်းတို့၏ ကုန်စည်အမှာစာများကို ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်းမှသာ ပို့ဆောင် ပေးနိုင်မည်ဖြစ်သည်ဟု ပြောဆို ကြကြောင်း၊ သို့ဖြစ်ရာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ရောင်း ချသည့် အဓိကဈေးများရှိ ကုန်သည်များက စိုက်ပျိုးထုတ်လုပ်သူများနှင့် စားသုံးသူများ အကြား ဆက်သွယ်ဆောင်ရွက်ပေးသည့် မော်တော်ယာဉ်များ၊ သယ်ယူပို့ဆောင်သူလုပ်သားများအား ဖြတ်သန်းသွားလာခွင့် လက်မှတ်များထုတ်ပေးရန် အာဏာပိုင်များသို့ တောင်းဆို ခဲ့ကြကြောင်း Economic Times သတင်းဌာနက ရေးသားဖေါ်ပြပါသည်။

အခြားတစ်ဖက်တွင် ခရီးသည်သယ်ယူပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းမရှိတော့သော် လည်း နေ့စဉ်ဝင်ငွေရရှိရန်ခက်ခဲမှုအရ ၎င်းတို့၏ စားသောက် နေထိုင်ရေးအပေါ် စိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိသော သိန်းဂဏန်း အရေအတွက် ရှိသည့် နေ့စားအလုပ်သမားများနှင့် မိသားစုဝင်များသည် ခြေလျင်ခရီး ဖြင့် မြို့ကြီးများမှ ၎င်းတို့၏ မူလနေထိုင်ရာကျေးလက်ဒေသများသို့ ၂၆.၃.၂၀၂၀ နေ့မှစတင်၍ ထွက်ခွာမှုများ ရှိလာခဲ့ပါသည်။

အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီက အစိုးရ၏ စီမံဆောင်ရွက်မှုများမှာ အလုပ်သမားများ၏ ပြောင်းရွှေ့ထွက်ခွာမှုကို ထိန်းချုပ်နိုင်ခြင်း မရှိပဲ ကြိုတင်စီစဉ်မှုများ ကင်းမဲ့လျက်ရှိကြောင်း၊ ဆက်သွယ်သွားလာမှုများအား Lockdown ပြုလုပ်၍ ကန့်သတ်တားမြစ်ခြင်းမှာ ဆင်းရဲနွမ်းပါးသူများ ၏ နေထိုင်မှုဘဝကို ထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခု အကျပ်အတည်းအား စာနာရိုင်းပင်းမှုရှိစွာဖြင့် ချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ၂၇.၃.၂၀၂၀ နေ့တွင်ဝေဖန်ပြောဆိုခဲ့ပြီး ၎င်းတို့၏ ရွေးကောက်ခံနယ်မြေများ၌ စားဝတ်နေရေး ခက်ခဲ မှုရှိသည့် လုပ်သားများသို့ ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိပါသည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဝန်ကြီးဌာနသည် ပြည်ထောင်စုလမ်းမကြီးလမ်းများရှိ အဝင်အထွက်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံမှုများကို ယာယီရပ်ဆိုင်းပေးလိုက်ကြောင်း ၂၆.၃.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းများ ကလည်း အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများအား ပြည်သူလူထုမှ လွယ်လင့်တကူဝယ်ယူရရှိစေရေး ဖြေလျော့ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ ပါသည်။

ဒေလီပြည်ထောင်စုနယ်မြေအစိုးရ ဝန်ကြီးချုပ် Mr. Arvind Kejriwal က ဒေလီမြို့တော်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ တားဆီးကာကွယ်မှုများမှာ အတန်အသင့် ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးဝါးများနှင့် ဓါတ်ခွဲစမ်းသပ်ခန်းများ စသည်တို့မှာ အရန်သင့်ရှိပြီး နေ့စဉ်လူနာ ၁၀၀ ဦးနှုန်းရှိလျှင်ပင် ကောင်းစွာပြုစုဆောင့်ရှောက် နိုင်ကြောင်း၊ ထို့အပြင် ဒေလီမြို့တော်ရှိ လူထုအတွက် စားသောက်ကုန်များမှာလည်း လုံလောက်မှုရှိကြောင်းဖြင့် ၂၇.၃.၂၀၂၀ နေ့တွင် ပြောဆိုပါသည်။ ဒေလီပြည်ထောင်စုနယ်မြေအစိုးရသည် နေ့စားအလုပ် သမားဦးရေ ၂ သိန်း၏ စားသောက်နေထိုင်ရေးအတွက် စာသင်ကျောင်းပေါင်း ၃၂၅ ခုအား အစားအစာထောက်ပံ့ရေးနေရာများအဖြစ် အသုံးပြုလျက် နေ့လယ်စာနှင့် ညစာ အခမဲ့ ထောက်ပံ့မှုနှင့် ညအိပ်နေထိုင်ရန်နေရာ (Night Shelters) ပေါင်း ၂၂၄ ခုတို့အား ၂၈.၃.၂၀၂၀ နေ့မှစတင် စီစဉ် ထောက်ပံ့ ပေးခဲ့သည်။ နေထိုင်စားသောက်မှု အခက်အခဲများအတွက် အစိုးရမှ လုံလောက်စွာ ကူညီပံ့ပိုးပေးလျက်ရှိရာ ၂၁ ရက်တာ Lockdown ကာလအတွင်း အလုပ်သမားများအနေဖြင့် နေရပ်သို့ပြန်ခွာခြင်းမပြုပဲ ဒေလီမြို့တော်၌သာ နေထိုင်ကြရန် Mr. Arvind Kejriwal က ၂၈.၃.၂၀၂၀ နေ့တွင် မေတ္တာရပ်ခံ ခဲ့သည်။ သို့ရာတွင် နေရပ်ပြန်လိုသည့် အလုပ် သမားများ အတွက် ဘတ်စ်ကားစီးရေ ၁၀၀ ကိုလည်း ထိုနေ့၌ပင် စီစဉ်ပေးခဲ့သည်။

 အလားတူ Uttar Pradesh ပြည်နယ်အစိုးရကလည်း ဒေလီမြို့နှင့်ထိစပ်လျက်ရှိသည့် Noida, Ghaziabad, Bulandshahar နှင့် Aligarh မြို့များ၌ ပိတ်မိနေသော နေရပ်ပြန်လိုသည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဘတ်စ်ကားစီးရေ ၁၀၀၀ ကို ၂၇.၃.၂၀၂၀ နေ့ ညပိုင်း၌ စီစဉ်ပေးခဲ့ကြောင်း၊ ၂၈.၃.၂၀၂၀ နေ့တွင် ပြည်နယ်မြို့တော် Lucknow သို့ရောက်ရှိလာသည့် အဆိုပါ အလုပ်သမားများအား စားနပ်ရိက္ခာများထောက်ပံ့လျက် ပြည်နယ် အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးအား Lockdown ပြုလုပ်ထားရှိမှုက အခြေခံစားသောက်ကုန်များ၏ အရင်းအမြစ်ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်မှု အား ကန့်သတ်သကဲ့သို့  ဖြစ်ပေါ်နေသဖြင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် ယခင်ထုတ်ပြန်ခဲ့သည့် ဆက်သွယ်သွားလာမှု တားမြစ်သည့်အမိန့်နှင့် နောက်ဆက်တွဲလမ်းညွှန်ချက်အား ဖြည့်စွက်ပြင်ဆင်သည့်  ညွှန်ကြားချက်ကို ၂၇.၃.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။  အဆိုပါပြင်ဆင်ချက်အရ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းသုံး သွင်းအားစုပစ္စည်း ရောင်းချသည့်အရောင်းဆိုင်များ၊ ထွန်ယက်၊ ရိတ်သိမ်း၊ ချွေလှေ့စက်များ သယ်ယူပို့ဆောင်မှုနှင့် ငှားရမ်းမှုလုပ်ငန်းများ၊ လယ်ယာထွက်ကုန်များအား ဝယ်ယူစုစည်းသည့် အေဂျင်စီလုပ်ငန်းများနှင့် သက်ဆိုင်ရာဒေသအစိုးရများ သို့မဟုတ် လယ်ယာထွက်ကုန် ဈေးကွက်ကော်မတီက အသိအမှတ်ပြုထားသည့် ကုန်စည်ဒိုင်လုပ်ငန်း များသည် Lockdown ကာလအတွင်း လုပ်ငန်းများပုံမှန်လည်ပတ် ဆောင်ရွက်ခွင့်ရရှိကြောင်း သိရှိရသည်။

အိန္ဒိယမြို့ပြလေကြောင်းဝန်ကြီးဌာနသည် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် Air India အား ခရီးသည်တင်လေယာဉ်များ အသုံးပြု၍ ကုန်စည် ပို့ဆောင်မှုအား လုပ်ဆောင်ရန် အဆိုပြုခဲ့ကြောင်း၊ ခရီးသည်တင်လေယာဉ်များရှိ ထိုင်ခုံများအား ဖယ်ရှား၍ ကုန်တင်လေယာဉ်များအဖြစ်သို့ ပြောင်းလဲ လုပ်ဆောင်ရာတွင် သယ်ယူပို့ဆောင်မှုအခက်အခဲများရှိသဖြင့် အဆိုပါအစီအစဉ် တွင် ပါဝင်နိုင်မည်မဟုတ်ဟု Air India က ငြင်းဆိုခဲ့ကြောင်း၊ သို့သော် ပြည်တွင်းရှိ ပုဂ္ဂလိကလေကြောင်းလိုင်းများဖြစ်သည့် IndiGo နှင့် GoAir တို့က ပါဝင်ဆောင်ရွက်မည်ဟု ၂၇.၃.၂၀၂၀ နေ့၌ ပြန်ကြားခဲ့ကြပြီး လေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ အတည်ပြုပြီးပါက ကုန်စည်များ အား လေကြောင်းခရီးဖြင့် ပို့ဆောင်မှု စတင်မည်ဖြစ်ကြောင်းသိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကူညီဖြေရှင်းပေး နိုင်ရန်အတွက် ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ ကြီးကြပ် ကွပ်ကဲမှုအောက်၌ အထောက်အကူပြုလုပ်ငန်းဌာန (Helpdesk) တစ်ရပ်ကို ၂၆.၃.၂၀၂၀ နေ့တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနက စတင်ထားရှိလိုက်ပါသည်။ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ များနှင့်စပ်လျဉ်း၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် “[email protected]” သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ၊ အထွက်ခေါ် ဆိုခပေးဆောင်ရန်မလိုသည့် တယ်လီဖုန်းအမှတ် 1800-111-550 သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ DGFT website မှဖြစ်စေ အဆိုပါ Helpdesk သို့ ဆက်သွယ်တင်ပြလျက် အကူအညီ ရယူနိုင်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအန္တရာယ်အား တားဆီးကာကွယ်ရန်နှင့် အကျပ်အတည်းကာလအတွင်း ကူညီထောက်ပံ့မှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးချုပ်၏ အရေးပေါ်ကာလ ပြည်သူလူထု အထောက်အပံ့နှင့် သက်သာချောင်ချိရေး ရန်ပုံငွေ (Prime Minister's Citizen Assistance and Relief in Emergency Situations Fund - PM-CARES Fund) အစီအစဉ်ကို ၂၈.၃.၂၀၂၀ နေ့တွင် စတင်ထူ ထောင်လိုက်ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အဆိုပါရန်ပုံငွေအစီအစဉ်သည် ကျန်းမာကြံ့ခိုင်သည့် အိန္ဒိယနိုင်ငံအား ဖန်တီးရာ၌ အစဉ် သဖြင့် အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားများအနေဖြင့် ရန်ပုံငွေများ ပါဝင်လှူဒါန်းထည့်ဝင်ကြရန် ၎င်း၏ တွစ်တာအင်တာနက်စာ မျက်နှာ၌ ရေးသားဖေါ်ပြလျက် မေတ္တာရပ်ခံခဲ့ပါသည်။ ဤအစီအစဉ်မှ ရရှိလာမည့် ရန်ပုံငွေများအား စီမံခန့်ခွဲခြင်းကို အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ ဝန်ကြီး ချုပ်ဦးဆောင်လျက် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ပါဝင်သော အဖွဲ့ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ပုံငွေ ထည့်ဝင်လို သူများအနေဖြင့် www.pmindia.gov.in အင်တာနက်စာမျက်နှာသို့ ဝင်ရောက်လျက် UPI, Net Banking စသည့်စနစ်များဖြင့် လှူဒါန်းနိုင် ကြောင်း သိရှိရပါသည်။

လတ်တလောကာလ၌ သိန်းနှင့်ချီများပြားသော နေ့စားအလုပ်သမားများ၏ နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းမှုမှ ဗိုင်းရပ်စ်ကူးစက်မှုကို ပိုမိုတိုးပွားမှု မဖြစ်စေရန်အတွက် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ အစိုးရများအနေဖြင့် မိမိတို့အုပ်ချုပ်မှုအောက်ရှိ နယ်စပ်ဒေသ အဝင် အထွက်ဂိတ်များ၊ အဝေးပြေးလမ်းများ၌ ပြည်သူများ၏လှုပ်ရှားသွားလာမှု လုံးဝမရှိအောင် တင်း ကြပ်စွာဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံး Lockdown ပြုလုပ်ထားရှိမှုအား ဖေါက်ဖျက်လျက် ခရီး သွားလာသူများအား အစိုးရ၏ သီးသန့်ခွဲခြားထားရေးစခန်းများ၌ ၁၄ ရက် ခြေချုပ်ဖြင့် ထိန်းသိမ်း ထားရှိရန်၊ Lockdown ကာလအတွင်း အလုပ်ရှင်များအနေဖြင့် မည်သည့်ဖြတ်တောက်ခြင်းမျှ မပြုပဲ ပုံမှန်လုပ်ခလစာများအား ၎င်းတို့၏အလုပ်သမားများသို့ ထုတ်ပေးစေရန်၊ အိမ်ပိုင်ရှင်၊ အခန်းပိုင်ရှင်များ အနေဖြင့် ရွှေပြောင်းအလုပ်သမားများထံမှ အိမ်လခတောင်းခံခြင်းအား ၁ လ တာအတွင်း လုံးဝဆောင်ရွက်မှုမပြုရန်နှင့် ဤအချက်ကို ဖေါက်ဖျက်ကျူးလွန် ပါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု  အက်ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဗဟိုအစိုးရက ၂၉.၃.၂၀၂၀ နေ့၌ ညွှန်ကြားထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Economic Times

Category: India (Delhi)