India (Delhi)

အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှုစာချုပ် ပြန်လည်သုံးသပ်မှုအား ဆောလျင်စွာ ဆောင်ရွက်ရေး အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခြင်း

Last Updated:

၁၇ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာတွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီး Mr. Piyush Goyal က အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်အား ပြန်လည်သုံးသပ်ခြင်းကို ဆောလျင်စွာဆောင်ရွက်ရေး တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၃၀.၈.၂၀၂၀ နေ့ သတင်းထုတ်ပြန်ချက်တွင်  အိန္ဒိယဝန်ကြီး Mr. Piyush Goyal သည် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Tran Tuan Anh နှင့်အတူ ပူးတွဲသဘာပတိဥက္ကဋ္ဌအဖြစ် အဆိုပါ အစည်းအဝေး၌ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး Covid-19 ကပ်ရောဂါ၏ စီးပွားရေးအပေါ်သက်ရောက်မှုအား လျော့ပါးသက်သာစေရေး ပူးပေါင်းဆောင်ရွက်မှုများ၊ မေခရိုစီးပွားရေး၊ ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ချိတ်ဆက်မှုခိုင်မာရေးလုပ်ငန်းများ၊ အထူး သဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများနှင့်အညီ အရေးကြီးကုန်စည်များနှင့် ဆေးဝါးများအား ဒေသတွင်း၌ လွတ်လပ်စွာစီးဆင်းမှုရှိစေရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကတိကဝတ်ထား ရှိမှုများအပေါ် ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း၊ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (FTA) များသည် ပါဝင်သည့်နိုင်ငံများအားလုံးအတွက် အပြန်အလှန်အားဖြင့် အကျိုးဖြစ်ထွန်းရန်လိုအပ်မှု၊ ပင်ရင်းနိုင်ငံ စည်းမျဉ်းသတ်မှတ်ချက်များ ခိုင်မာအားကောင်းရန်လိုအပ်မှုနှင့် ဈေးကွက်ဝင်ရောက်နိုင်မှုကို အထောက်အကူပြုရန်အတွက် အကောက်ခွန်မဟုတ်သော ကုန်သွယ်ရေးအတားအဆီးများအား ဖယ်ရှားရန်လိုအပ်မှု စသည်တို့အပေါ် ဝန်ကြီး Mr. Goyal က အလေးပေးဆွေးနွေးကြောင်း၊ ထို့အပြင် အာဆီယံ- အိန္ဒိယ ကုန်စည်ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (AITIGA) အား ပြန်လည်သုံးသပ် ရေး အိန္ဒိယ၏ စွဲမြဲသည့်ရပ်တည်ချက်အား ထပ်လောင်းအတည်ပြုလျက် သုံးသပ်မည့်နယ်ပယ်များ ညှိနှိုင်းသတ်မှတ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ ကျင်းပမည့် အာဆီယံ- အိန္ဒိယ ထပ်သီးဆွေးနွေးပွဲ မတိုင်မီ အပြီးဆောင်ရွက်ရေး၊ ယခုနှစ်ကုန်တွင် AITIGA ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်အား အပြည့်အဝ စတင်ဆောင်ရွက်နိုင်စေရေး တိုက်တွန်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် အာဆီယံ- အိန္ဒိယ စီးပွားရေးကောင်စီ (AIBC) သည် နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရန်အတွက် AITIGA သဘောတူညီချက်အား ပြန်လည်သုံးသပ်ရန် ထောက်ခံတင်ပြထားသည့် အစီရင်ခံစာကို အာဆီယံ- အိန္ဒိယ စီးပွားရေး ဝန်ကြီးများအစည်းအဝေးမစတင်မီ တင်သွင်းခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက AITIGA ကို ပြန်လည်သုံးသပ်ရန် သဘောတူညီခဲ့ကြပြီး ၎င်းတို့၏ အဆင့်မြင့်အရာရှိများအား သုံးသပ် မည့်နယ်ပယ်များ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများကို စတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြကြောင်း သိရှိရပါသည်။

အာဆီယံ- အိန္ဒိယ ကုန်စည်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် (AITIGA) အား ၂၀၀၉ ခုနှစ်တွင် လက်မှတ်ရေးထိုးလျက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်နောက်ပိုင်းတွင် နှစ်ဘက်ကုန်သွယ်မှုမှာ ပိုမိုတိုးတက်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယ၏ အာဆီယံနိုင်ငံများသို့ ပို့ကုန်တန်ဖိုး နှစ်စဉ်ထပ်ဆင့်တိုးတက်နှုန်း ၅% ရှိပြီး အာဆီယံနိုင်ငံများထံမှ သွင်းကုန်တန်ဖိုး နှစ်စဉ် ထပ်ဆင့်တိုးတက်နှုန်း ၈% ရှိကြောင်း အိန္ဒိယနိုင်ငံရှိ PHDCCI ကုန်သည်အသင်းက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်ထုတ်ပြန်သည့် အိန္ဒိယ၏ အာဆီယံဒေသ၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏စာရင်းများအရ အိန္ဒိယ၏ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၀၁၀- ၁၁ ဘဏ္ဍာနှစ်၌ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၄.၉၈ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၃၆.၉၇ ဘီလီယံရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၃၇.၄၇ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၅၉.၃၂ ဘီလီယံအထိ တိုးတက်လာခဲ့သော်လည်း ကုန်သွယ်မှုလိုငွေ ပမာဏမှာ ကြီးမားစွာဖြစ်ပေါ်လျက်ရှိသည်။

ပင်ရင်းနိုင်ငံစည်းမျဉ်းသတ်မှတ်ချက်များကို မလျော်ကန်စွာအသုံးချမှုများက အိန္ဒိယနိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်မှုဖြစ်ပေါ်စေလျက်ရှိရာ အစိုးရသည် AITIGA ကုန်သွယ်မှုသဘောတူညီချက်ကို ဆောလျင် စွာ ပြန်လည်သုံးသပ်မှုပြုနိုင်ရန် လိုလားလျက်ရှိကြောင်း၊ အမည်မဖော်လိုသူ ဌာနဆိုင်ရာအရာရှိတစ်ဦးက အိန္ဒိယနှင့် FTA လက်မှတ်ရေးထိုးထားသည့် တတိယနိုင်ငံတစ်ခုကို ဖြတ်သန်း၍ မြောက်မြားစွာ သော တရုတ်နိုင်ငံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများသည် စုပုံဝင်ရောက်လျက်ရှိသည်ဟု ပြောဆိုကြောင်းဖြင့် Hindustan Times သတင်းဌာနမှ ဖော်ပြပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် ကုန်စည်အပေါ် AITIGA သဘောတူညီချက်အရ အခွန်သက်သာခွင့်ရရှိရန်မှာ အဆိုပါ နိုင်ငံ၌ အနည်းဆုံး ထပ်ဆင့်တန်ဖိုး ပါဝင်ထုတ်လုပ်မှု ၃၅% ရှိရမည်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. 17th ASEAN-India Economic Ministers’ Consultations held, 30 Aug 2020, Press Information Bureau of India

                    2. Goyal asks Asean to bolster rules, 30 Aug 2020, Hindustan Times

Category: India (Delhi)