China(Nanning)

အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ချေးငွေများကို မြှင့်တင်ရန် တရုတ်ပြည်နယ် အစိုးရများ ဆောင်ရွက်သွားမည်

Last Updated:

တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့်နှင့် မြို့တော်အဆင့် အစိုးရများသည် ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများထံသို့ ချေးငွေပိုမို ထုတ်ချေးရန် ကြွေးမြီဆုံးရှုံးနိုင်ခြေမျှဝေသည့်မူဝါဒများကို ချမှတ်ဆောင်ရွက်သွားကြမည်ဟု သိရပါသည်။

၎င်းမူဝါဒများမှာ  ယာယီကာလအတွက်ချေးငွေကို အချိန်ဇယားအတိုင်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဖြစ်လာမည့် အသေးစားလုပ်ငန်းများအပေါ် ဘဏ်များဘက်မှ သည်းခံစောင့်ဆိုင်းနိုင်စွမ်းအားမြှင့်တင်ပေးရန်ကိုလည်း စူးစမ်းရှာဖွေနေကြခြင်း ဖြစ်ပါသည်။

ပြည်နယ်အဆင့် ဆုံးရှုံးနိုင်ခြေမျှဝေသည့်စီမံဆောင်ရွက်မှုများမှာ ကပ်ရောဂါဖြစ်ပွားမှုကို လျှော့ချပယ်ရှားနေချိန်တွင် စီးပွားရေးဆက်လက်ဖွံ့ဖြိုးနေစေရန်နှင့် ထုတ်လုပ်မှုများ ပြန်လည်စတင်ရန် အခရာကျသည့် စီမံဆောင်ရွက်မှုဖြစ်ကြောင်း တရုတ်နိုင်ငံက ရှုမြင်ပါသည်။

ချေးငွေဆုံးရှုံးနိုင်ခြေတွင် ငွေချေးယူသူများဘက်မှ ချေးငွေကို အပြည့်အဝပြန်လည် ပေးဆပ်ရန် သို့မဟုတ် အချိန်ဇယားအတိုင်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့်ဖြစ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများပါဝင်သကဲ့သို့၊ ငွေထုတ်ချေးသည့် ဘဏ်များ ဘက်တွင်လည်း ၎င်းထုတ်ချေးသည့်ငွေများနှင့် အတိုးများ ပြန်လည်ရရှိခြင်း မရှိသောကြောင့် ဆုံးရှုံးနိုင်ခြေများလည်း ပါဝင်ပါသည်။

ရှန်းကျန့်မြူနီစီပယ်အစိုးရက ၎င်းပြည်နယ်အတွင်း ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အတွင်း အသေးစားလုပ်ငန်းများသို့ဘဏ်များမှ ထုတ်ပေးသည့် ချေးငွေအသစ်နှင့် ချေးငွေပြန်ဆပ်ရသည့်ကာလတို့အတွက် ချေးငွေဆုံးရှုံးနိုင်ခြေ နစ်နာကြေး အစီအစဉ်အောက်၌  နစ်နာကြေးအချိုးကို (၅၀) ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ပါသည်။ ၎င်းအစီအစဉ်အောက်၌ အကျိုးခံစားခွင့်ရှိသူများကို အငယ်စားအသေးစားနှင့်အလတ်စားလုပ်ငန်းများမှ အသေးစားလုပ်ငန်း ပိုင်ရှင်များနှင့် တစ်သီးပုဂ္ဂလစီးပွားရေး လုပ်ငန်းများအထိ တိုးချဲ့ပေးခဲ့ပါသည်။

ရှန်းကျန့်မြူနီစီပယ်  ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ထုတ်ပြန်ထား ချက်အရ ယခုနှစ်တွင် ချေးငွေဆုံးရှုံးနိုင်ခြေနစ်နာကြေးစုစုပေါင်းမှာ ယွမ်ငွေ (၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၂.၆ သန်း) ကျော်လွန်နိုင်ပြီး၊ အစိုးရပိုင် Shenzhen High Tech Investment and Guaranty Co., Ltd. နှင့် Shenzhen Credit Guarantee Group Co., Ltd.တို့မှ အာမခံကြေးကို (၃၀)ရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်း (၂) ရပ်မှ လျှော့ပေါ့သက်ညှာပေးမည့် စုစုပေါင်း အာမခံကြေးမှာ ယွမ်ငွေသန်းတစ်ရာခန့် ရှိသည်ဟုဖော်ပြထားပါသည်။

စီချွမ်းရှိ မြို့တော်အဆင့်နှင့် စီရင်စုအဆင့် အစိုးရများကလည်း ကပ်ရောဂါကာလအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများထံမှ ဘဏ်ချေးငွေပြန်လည် ရယူနိုင်ခြင်းမရှိသည့် ဆုံးရှုံးမှုများရှိပါက ဆုံးရှုံးမှု၏ တစ်စိတ်တစ်ဒေသကို  တာဝန်ယူပေး မည်ဖြစ်ကာ၊ ပြည်နယ်အစိုးရအနေဖြင့် အောက်ခြေအဆင့်များ၌ အစိုးရကြောင့် ဖြစ်ပေါ်ခဲ့ရသော ဆုံးရှုံးမှုများအတွက် (၅၀) ရာခိုင်နှုန်း လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း သိရပါ သည်။

ရှန်းတုန်းပြည်နယ်ရှိ ချင်းတောင်ဘဏ္ဍာရေးဗျူရိုကလည်း ချေးငွေဆုံးရှုံးမှုအချို့ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ဆုံးရှုံးမှု၏ (၃၀) ရာခိုင်နှုန်းကို ၎င်း၏ ချေးငွေဆုံးရှုံးနိုင်ခြေနစ်နာကြေးရန်ပုံငွေထဲမှ  အသုံးပြုထည့်ဝင်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများသည် လု်ငန်းမတည်ရင်းနှီးငွေနှင့် နည်းပညာအသွင်ပြောင်းသည့် လုပ်ငန်းများဆီသို့ ဉီးတည်ရွေ့လျား ပြောင်းလဲနေသည့် အသေးစားလုပ်ငန်းချေးငွေများကို ထုတ်ချေးထားကြခြင်းဖြစ်ကာ၊ ငွေချေးထားသူ တစ်ဉီးစီမှ ချေးငွေပြန်ပေးရန် အချိန်စေ့ရောက်မှုများအတွက် ငွေရေး ကြေးရေးအဖွဲ့အစည်းများထံသို့ နစ်နာကြေးပေးရမည့်ပမာဏမှာ ယွမ်ငွေ (၁၀) သန်းခန့် ရှိနိုင်ပါသည်။

တရုတ်ဗဟိုဘဏ်ဖြစ်သည့် The People’s Bank of China သည်  ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားသော ရောဂါထိန်း ချုပ်ရေး ကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်စပ်နေသည့်လှုပ်ရှားမှုများကို ပံ့ပိုးရန် ယွမ်ငွေ (၃၀၀) ဘီလီယံ တန်ဖိုးရှိ အထူးပြန်လည်ထုတ်ချေးနိုင်သည့် ကိုတာတစ်ခု လုပ်ပိုင်ခွင့်ပေးခဲ့ပါသည်။  မတ်လ (၁၃)ရက်နေ့တွင် တရုတ်ဗဟိုဘဏ်က ၎င်း၏ ယွမ်ငွေ (၃၀၀)ဘီလီယံ တန်ဖိုးရှိ ပြန်လည်ထုတ်ချေးနိုင်သောကိုတာ၏ ယွမ်ငွေ (၁၈၄)ဘီလီယံကို ခွဲဝေပေးခဲ့ပြီးဖြစ်ပါသည်။ ၎င်းနောက်ပိုင်းတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာကဏ္ဍကို ကုန်ကျစရိတ်နည်းပါး သောရန်ပုံငွေများ ပံ့ပိုးပေးနေသည့် အသေးစားဘဏ်များကိုကူညီရန် ယွမ်ငွေ (၅၀၀) ဘီလီယံ တန်ဖိုးရှိ ပြန်လည်ထုတ်ချေးနိုင်သော၊ စီးပွားရေးဘဏ်များက လျှော့ချ ထားသည့်အပေါ် ထပ်မံလျှော့ချထားသော ရန်ပုံငွေများကို ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကြေငြာခဲ့ပါသည်။

ပြည်တွင်းဘဏ်များကလည်း တရုတ်ဗဟိုဘဏ်၏ ယွမ်ငွေ (၅၀၀)ဘီလီယံတန်ဖိုးရှိ ပြန်လည်ထုတ်ချေးနိုင်သော၊ ထပ်မံလျှော့ချပေးသောအစီအမံကို ထောက်ခံခဲ့ ကြကာ၊  အသေးစားလုပ်ငန်းများနှင့် စိုက်ပျိုးရေးကုမ္ပဏီများထံသို့ သင့်လျော်သောနှုန်းထား များဖြင့် ယွမ်ငွေ (၁၀၇၅)ဘီလီယံတန်ဖိုးရှိ နောက်ထပ်ချေးငွေများကို ထုတ်ချေးခဲ့ကြကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒများမှာ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ရေးနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ငွေကြေးအခက်အခဲများကို လျော့ပါးသက်သာစေရေးတို့အပေါ် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ တရုတ်ဗဟိုဘဏ်က ယနေ့အထိ ၎င်း၏အတိုးနှုန်းကို လျှော့ချခြင်း မပြုဘဲ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ အတိုးနှုန်း (၃.၁၅) ရာခိုင်နှုန်းဖြင့် ကာလလတ်တစ်နှစ်ချေးငွေအဖြစ် တရုတ်ယွမ်ငွေ ဘီလီယံ(၁၀၀) (အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ) ထည့်ပေးထားပါသည်။  ထို့ပြင်(၅)နှစ်ချေးငွေအတွက် အတိုးနှုန်းကို (၄.၇၅) ရာခိုင်နှုန်းတွက် ဆက်လက်ထားရှိလျက်၊ ဖေဖော်ဝါရီလအတွင်း ပြင်ဆင်ပေးခဲ့သော ငွေချေးသူများထံသို့ ထုတ်ချေးထားသော တစ်နှစ်ချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းကို (၄.၀၅) ရာခိုင်နှုန်း တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်းကိုလည်း မတ်လ (၂၀)ရက်နေ့တွင် ထပ်မံ ကြေငြာထားပါသည်။

တရုတ်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးဘဏ်များ၏ structured deposit (သမားရိုးကျစာရင်းသေ အပ်ငွေအစား ဈေးကွက်အညွှန်းကိန်း၊ အစုရှယ်ယာများ၊ နိုင်ငံခြား ငွေလဲနှုန်း၊ ငွေတိုက်စာချုပ်များ သို့မဟုတ် ကုန်စည်များအပေါ် ကျောထောက် နောက်ခံပြု ထားသည့် ပုံသေအပ်ငွေတစ်မျိုး) အပေါ် အတိုးနှုန်းများများ ပေးနေမှုများ အား ယခုလမှစ၍ တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများဖြင့် ကြပ်မတ်သွားမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ မှတ်တမ်းတင်ထာသည့် တနှစ်အပ်ငွေအပေါ် အတိုးနှုန်းမှာ (၁.၅) ရာခိုင်နှုန်းဖြစ်ပြီး၊ (၃) နှစ်အပ်ငွေအပေါ် အတိုးနှုန်းမှာ (၂.၇၅) ရာခိုင်နှုန်းဖြစ်ပါသည်။ တရုတ်တွင် ဘဏ်များက အပြိုင်အဆိုင် ဆောင်ရွက် လာကြသဖြင့် ၂၀၁၈ ခုနှစ်မှစ၍ structured deposit များလျင်မြန်စွာတိုးပွားလာခြင်းဖြစ်ပါသည်။ ဘဏ်များအနေဖြင့် ပုံမှန်မဟုတ်သော အပ်ငွေများကို ဗဟိုဘဏ်သို့ အသိပေးအကြောင်းကြားရမည်ဖြစ်ကာ၊  ငွေပမာဏများများဖြင့် အပ်နှံထားသော အပ်ငွေလက်မှတ်များ အပါအဝင် အသစ်ထုတ်ပေးထားသော အချိန်ပိုင်းအပ်ငွေများ၏ အချိန်မတိုင်မီ ငွေထုတ်ယူမှုအတွက် အတိုးနှုန်းများများပေးခြင်းကိုလည်း တားမြစ်ထားကြောင်း ယခုလတွင်  ဗဟိုဘဏ်က ထပ်မံအသိပေး ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၉-၃-၂၀၂၀)နှင့် (၁၈-၃-၂၀၂၀)

Category: China(Nanning)