USA

အသားထုတ်လုပ်သည့်စက်ရုံများ ဆက်လက်ထုတ်လုပ်ရန် သမ္မတထရမ့် အမိန့်ထုတ်ပြန်

Last Updated:

Covid-19 ကူးစက်မှုကြောင့် အသားထုတ်လုပ်သည့်စက်ရုံမှ အလုပ်သမားများ သေဆုံးမှုများရှိနေသော်လည်း အမေရိကန်နိုင်ငံအတွင်း အစားအစာထုတ်လုပ် ဖြန့်ဖြူးမှုပြတ်လပ်လာနိုင်သည့်အတွက် အသားထုန်လုပ်သည့်စက်ရုံများကို ဆက်လက်ဖွင့်လှစ် သွားရန်အမိန့်ကို သမ္မတထရမ့်က ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ အမိန့်အရ အစိုးရအနေနှင့် အလုပ်သမားများအတွက် ကာကွယ်မှုပေးသည့် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Covid-19 ပျံ့နှံ့မှုကြောင့် အမေရိကန်တွင် မကြာသေးသည့် သီတင်းပတ်များက အသားထုတ်ပိုးသည့်စက်ရုံ ၂၀ ကျော် ပိတ်ခဲ့ရပါသည်။ အမေရိကန်အသားစက်ရုံ များမှ အလုပ်သမားထောင်ပေါင်းများစွာကို ကိုယ်စားပြုသည့် အစားအစာ စီးပွားဖြစ်ထုတ်လုပ်သည့် အလုပ်သမားအဖွဲ့က ဗိုင်းရပ်စ်ကြောင့် အနဲဆုံး အလုပ်သမား ၁၇ ဦးသေဆုံးခဲ့ပြီး ၅၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်နေကြောင်း ဆိုပါသည်။ အဆိုပါဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဝက်သားနှင့်အမဲသား ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းကျဆင်း ခဲ့ပါသည်။ သို့သော် အဓိကအသားထုတ်လုပ်သည့် စက်ရုံများဖြစ်သည့် Tyson Foods၊ Smithfield Foods နှင့် JBS USA တို့သည် ၎င်းတို့ လုပ်ငန်းများကိုပိတ်ပင်ရန် အစိုးရတာဝန်ရှိသူများနှင့် အလုပ်သမားရေးရာ တရားရုံးရှေ့နေများ၏ တောင်းဆိုမှုများကို ဆန့်ကျင်တောင့်ခံကာ နိုင်ငံ၏အစားအစာဖြန့်ဖြူးရောင်းချမှုအတွက် ၎င်းတို့၏ မရှိမဖြစ်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စက်မှုလုပ်ငန်းသုတေသီများကဆိုပါသည်။

 ယခုဆိုလျှင် နိုင်ငံအတွင်း အစားအစာဖြန့်ဖြူးရောင်းချမှုကွင်းဆက် အားပျော့လာနေကြောင်း၊ မိမိတို့အနေနှင့် မိမိတို့နိုင်ငံအတွင် အစားအစာထုတ်လုပ်ဖြန့်ဖြူးရန် တာဝန်ရှိ ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးသကဲ့သို့ အရေးကြီးပါကြောင်း၊ အမေရိကန်နိုင်ငံအတွင်းရှိ မိသားစုများအတွက် အစားအစာဖြန့်ဖြူး နိုင်ရန် လုပ်ငန်းဆက်လက်လည်ပတ်ရမည်ဖြစ်ကြောင်း Tyson’s board ဥက္ကဌဖြစ်သူ Mr. John H. Tyson ကဆိုပါသည်။ ၎င်းက ကုမ္ပဏီအနေနှင့် အစားအစာ ဖြန့်ဖြူးမှုကွင်းဆက်အား ကူညီရန် အိမ်ဖြူတော်၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့အနေနှင့် ရှေ့ဆက်လက်ပြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ လုံခြုံရေးကို ထိပ်တန်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ ကိုယ်အပူချန်တိုင်းတာခြင်း၊ မျက်နှာအကာအကွယ်များ တပ်ဆင်စေခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုနှင့် အကွာအဝေးတစ်ခု ခပ်ခွာခွာနေစေခြင်းတို့ကို ဆောင်ရွက်စေပြီး သမ္မတထရမ့်၏ ဆုံးဖြတ်ချက်ကို ထောက်ခံပါကြောင်း၊ အလုပ်သမားများ၏ နေထိုင်မှုဘဝနှင့် အမေရိကန် စားသုံးသူ များပရိုတိန်းပြတ်လတ်မှုကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း Smithfield ကုမ္ပဏီကဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 https://www.washingtonpost.com/business/2020/04/28/trump-meat-plants-dpa/

Category: USA