USA

အရေးပေါ်အကူအညီပေးသည့် ဥပဒေ သမ္မတထရမ့်လက်မှတ်ရေးထိုး

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေသည့် အမေရိကန်ပြည်သူများကို အကူအညီပေးနိုင်မည့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာသုံးစွဲသွားမည့် အရေးပေါ်အကူအညီပေးသည့် ဥပဒေတစ်ရပ် (Families First Coronavirus Response Act) ကို သမ္မတထရမ့်က မတ်လ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါသည်။ အဆိုပါဥပဒေတွင် အမေရိကန်ပြည်သူများအတွက် ခွင့်ခံစားခွင့်၊ အလုပ်လက်မဲ့ များအတွက် အာမခံ ခံစားခွင့်နှင့် အခမဲ့ဗိုင်းရပ်စ်ကူးစက်မှုရှိ/မရှိ စစ်ဆေးမှုများ ခံစားခွင့်ရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် အမေရိကန်စီးပွားရေး ပြန်လည်ထူထောင်နိုင်စေရေးအတွက် အဆိုပါ စီးပွားရေးပြန်လည်နိုးထရေး ဥပဒေကို အမေရိကန် အထက်လွှတ်တော်က မတ်လ ၁၈ ရက်နေ့ အစောပိုင်းတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပြည်သူတစ်ဦးချင်းစီကို ငွေသားတိုက်ရိုက် ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ထရီလီယံ သုံးစွဲသွားရန် သမ္မတအိမ်တော်က အဆိုပြုထားပါသည်။

ထို့ပြင် သမ္မတထရမ့်က ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရချိန်တွင် ကုန်ထုတ် လုပ်မှု အရှိန်တိုးမြှင့်နိုင်ရေး စသည့် အရေးပေါ်အစီအမံများ ဆောင်ရွက်နိုင်မည့် ကာကွယ်ရေးဆိုင်ရာ အက်ဥပဒေ ကို ကျင့်သုံးသွားမည်ဟု မတ်လ ၁၈ ရက်နေ့က ကြေညာခဲ့ပါသည်။ ယင်းဥပဒေအရ လိုအပ်သည့် ပစ္စည်းများစွာ ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ ကျန်းမာရေးအတွက် အရေးပေါ်အကူအညီအဖြစ် ဆေးရုံသင်္ဘောနှစ်စင်း ကိုလည်း ဗိုင်းရပ်စ် ကူးစက်မှု တိုးလာနေသည့် နယူးယောက်နှင့် အမေရိကန်အနောက်ဘက်ခြမ်းဒေသတွေကို စေလွှတ်ရန် ပြင်ဆင်ထားသကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုရှိ/မရှိ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်နေကြောင်း မတ်လ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သိပ္ပံပညာရှင်များ အပြိုင်အဆိုင်ရှာဖွေနေကြသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အမေရိကန် ပြည်ထောင်စုတွင် ပထမဦးဆုံးအနေနှင့် လူတွေနှင့်စမ်းသပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြား လူကြီး ၄၅ ဦးကို ၎င်းတို့ဆန္ဒအလျောက် စမ်းသပ်မှုခံယူခဲ့ကြတာဖြစ်ပြီး ဆေးထိုးစမ်းသပ်မှုကို ရက်သတ္တပတ် ၆ ပတ်အကြာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နောက်လာမည့် ၁၂ လမှ ၁၈ လအထိ ယင်းကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည့် အခြေအနေမရောက်နိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါသည်။

အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုဆိုးဝါးလာသည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားသည့် အနေဖြင့် အိမ်နီးချင်း ကနေဒါနယ်စပ်တွေကို ပိတ်လိုက်ကြောင်း မတ်လ ၁၈ ရက်နေ့က ကြေညာခဲ့ပါသည်။

အမေရိကန် ဗဟိုဘဏ်နှင့် အစိုးရအဖွဲ့မှ စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် ယင်းကဲ့သို့ နိုးကြားရေး အစီအစဉ်များ ဆောင်ရွက်ပေးနေသဖြင့် မတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက် လာတာကို တွေ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

https://thehill.com/homenews/administration/488342-trump-signs-coronavirus-aid-package-with-paid-sick-leave-free-testing

https://www.cnn.com/2020/03/18/politics/coronavirus-congress-relief-senate-house/index.html

https://www.marketwatch.com/story/stock-index-futures-lower-in-choppy-trade-after-ecb-rolls-out-additional-stimulus-and-fed-backstops-money-markets-2020-03-19

 

 

Category: USA