China(Nanning)

အပြောင်းအလဲများလာသော ကမ္ဘာသုံးငွေကြေးများနှင့် ကုန်စည်ဈေးနှုန်း အတက်အကျများ

Last Updated:

ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံတွင်း ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုထက် အခြားနိုင်ငံများတွင် ဖြစ်ပွားမှုအသစ်များကို စောင့်ကြည့်လာနေသည့် အခြေအနေ နှင့်အတူ ရှန်ဟိုင်းစုပေါင်းအညွှန်းကိန်းမှာ ဖေဖော်ဝါရီလ (၂၇) ရက် နံနက် (၁၀:၄၅) အချိန်ခန့်တွင် (၀.၃) ရာခိုင်နှုန်းမြင့်တက်လာကာ (၂,၉၉၆) သို့ ရောက်ရှိ လာသည်ကို တွေ့ရပါသည်။  

ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုကြောင့် စီးပွားရေးအပေါ် ဆုံးရှုံးနိုင်ခြေရှိလာသောကြောင့် U.S. Federal Reserve က အတိုးနှုန်းကို (၀.၅) ရာခိုင်နှုန်းချပြီး (၁) ရာခိုင်နှုန်းနှင့် (၁.၂၅) ရာခိုင်နှုန်းကြားတွင်ထားရန် မတ်လ (၃) ရက်နေ့တွင် ဆုံးဖြတ်ခဲ့ ပါသည်။ ထိုကဲ့သို့ နှုန်းချပစ်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ်တွင် ကျဆင်းပြီးချိန်မှစ၍ မူဝါဒဖြင့် ဉီးတည်လျှော့ချသော အများဆုံးအတိုင်းအတာဖြစ်ကြောင်း၊ ဘဏ္ဍာရေးအကြပ်အတည်း ကာလပြီးချိန်နောက်ပိုင်း ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်၍ လျှော့ချခြင်းဖြစ်ကြောင်း ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်၊ Wharton Schoolမှ ဘဏ္ဍာရေး ဘာသာရပ်သင်ကြားသော လက်ထောက်ပါမောက္ခ Krista Schwarzက မှတ်ချက်ပြုပါသည်။

ထိုကဲ့သို့ လျှော့ချပစ်ခြင်းမှာ စီးပွားရေးကို အဓိပ္ပါယ်ရှိရှိ မြှင့်တင်နိုင်ရေး ပံ့ပိုးကူညီ ပေးသည်ဟု ယုံကြည်ကြောင်း၊ အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာအခြေအနေများကို လိုက်လျောညီထွေဖြစ်စေရန် ပံ့ပိုးနိုင်ပြီး၊ စီးပွားရေးအပေါ် ဖိအားပေးနိုင်သော ဘဏ္ဍာရေး ဆိုင်ရာကျပ်တည်းသည့်အခြေအနေများကို ရှောင်ရှားနိုင်ကာ၊ အိမ်ထောင်စု များနှင့် လုပ်ငန်းများ၏ ယုံကြည်မှုကို မြှင့်တင်ရေးကူညီပေးနိုင်မည်ဖြစ်ကြောင်း Federal Reserve ဉက္ကဌ Jerome H. Powellက ပြောကြားခဲ့ပါသည်။  

သို့ရာတွင် ထိုကဲ့သို့ အရေးပေါ်လျှော့ချပေးမှုမှာ ရင်းနှီးမြှုပ်နှံသူများကို တည်ငြိမ် စေရန် ဆောင်ရွက်ပေးပုံမပေါ်ဘဲ အစုရှယ်ယာဈေးများ အပြောင်းအလဲ အတက်အကျများလာသည်ကို တွေ့ရပါသည်။ မတ်လ (၃) ရက်နေ့တွင် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ကျဆင်းသွားခဲ့ပြီး၊ Dow Jones Industrial Average မှာ (၉၀၀) ပွိုင့်ကျော်ကျဆင်းသွားခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတက ပိုမိုလျှော့ပေးရမည်ဟု Twitter ပေါ်တွင် ရေးသားခဲ့ပါသည်။

သမ္မတ၏ ရေးသားချက်အပေါ် နောက်လာမည့် ရက်သတ္တ (၂) ပတ်အတွင်း မတ်လ (၁၈) ရက်နေ့၌ ကျင်းပမည့် မူဝါဒအစည်းအဝေးတွင် နှုန်းပိုမိုလျှော့ချပေးမည်ဟု ထင်မိကြောင်း၊ ဉရောပတိုက်ရှိ နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှာ နဂိုကတည်းက အနုတ်ပြ နေသော နှုန်းထားများကြောင့် နှုန်းလျှော့ချရေးမူဝါဒ ကျင့်သုံးရန် ပိုမိုခက်ခဲ နိုင်ကြောင်း၊ ထို့ကြောင့် အမေရိကန်၏ နှုန်းလျှော့ချမှုမှာ ပိုမိုကျယ်ပြန့်စွာ အထောက် အကူပြုနိုင်ကြောင်း AllianceBernstein (AB)မှ အဆင့်မြင့်စီးပွားရေးပညာရှင် Eric Winograd က MarketWatchသို့ မှတ်ချက်ပြု ပြောကြားထားပါသည်။

သို့ရာတွင် မတ်လ (၃)ရက်နေ့က ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲဝင်မည့်သူများ ရွေးချယ်ပွဲတွင် သမ္မတလောင်းနေရာ၌ ယခင်အမေရိကန်၏ ဒုတိယသမ္မတဖြစ်ခဲ့သူ  Joe Biden ပါဝင်ရွေးချယ်ခံရန် ထောက်ခံမှုကြီးစွာ ရရှိခဲ့ပြီး၊ ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုကို တွန်းလှန်ရန် အမေရိကန် ကွန်ဂရက်စ်က အမေရိကန်ဒေါ်လာ (၈.၃) ဘီလီယံ တန်ဖိုးရှိ စီမံကိန်းအား သဘောတူခဲ့သောကြောင့် Wall Street စတော့ရှယ်ယာဈေးကွက် ပြန်လည်ကောင်းမွန် လာခဲ့သည်ကို တွေ့ပါသည်။ Dow Jones အညွှန်းကိန်းက (၁၁၇၃)ပွိုင့် သို့မဟုတ် (၄.၅) ရာခိုင်နှုန်းဝန်းကျင်တက်လာကာ (၂၇၀၉၁) သို့လည်းကောင်း၊   The S&P 500 က (၁၂၇)ပွိုင့်  သို့မဟုတ် (၄.၂) ရာခိုင်နှုန်း တက်လာကာ (၃၁၃၀)သို့လည်းကောင်းနှင့် The Nasdaq က (၃၃၄) ပွိုင့် သို့မဟုတ် (၃.၉) ရာခိုင်နှုန်းတက်လာကာ (၉၀၁၈)သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း တွေ့ရပါ သည်။  Dow Jonesအညွှန်းကိန်း တိုးတက်လာမှုတွင်   UnitedHealth က (၁၀.၉၂) ရာခိုင်နှုန်း၊ American Express က (၆.၅၆) ရာခိုင်နှုန်းနှင့် Pfizer က (၅.၄၂)ရာခိုင်နှုန်း အသီးသီးပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

အမေရိကန်မှ နှုန်းလျှော့ချပြီးနောက် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေလဲနှုန်းမှာ ယခင် (၁.၁၁၆၁) မှ (၁.၁၁၇၅)သို့လည်းကောင်း၊ ဗြိတန်စတာလင်ပေါင်နှင့် လဲနှုန်းမှာ ယခင် (၁.၂၇၇၆)မှ (၁၂၈၁၁) သို့လည်းကောင်း၊ သြစတြေးလျဒေါ်လာနှင့်လဲနှုန်းမှာ ယခင် (၀.၆၅၃၁)မှ (၀.၆၅၉၅)သို့လည်းကောင်း ၊  ကနေဒါဒေါ်လာနှင့် (၁.၃၃၅၃) မှ (၁.၃၃၇၃) သို့လည်းကောင်း ယခင်ကထက် ပိုမိုလျက် ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။ တစ်ဖက်တွင်မူ ဂျပန်ယန်းငွေနှင့် ယခင် (၁၀၇.၈၄)မှ (၁၀၇.၂၃) သို့လည်းကောင်း၊ ဆွစ်ဖရန့် ငွေကြေးနှင့် (၀.၉၅၇၂)မှ (၀.၉၅၇၀)သို့လည်းကောင်း ယခင်ကထက် ပိုမိုကျဆင်းလျက် ပြောင်းလဲ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။ တရုတ်ယွမ်ငွေနှင့် လဲလှယ်နှုန်းတွင် အမေရိကန် ဒေါ်လာက (၀.၀၀၈၉) ယွမ် (၀.၁၃ ရာခိုင်နှုန်း)ကျဆင်းလျက် (၆.၉၃၈၂)ယွမ်သို့  ကျဆင်းသွားကာ ရက်သတ္တ (၅) ပတ်အတွင်း တရုတ်ယွမ်ငွေက အမြင့်ဆုံးဖြစ်လာခြင်း ဖြစ်ပါသည်။

သို့ရာတွင် တရုတ်နိုင်ငံ ရှယ်ယာဈေးကွက်၏ အထွွေထွေစုပေါင်း PMI အညွှန်းကိန်းမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၅၁.၉) ရှိခဲ့ရာမှ ဖေဖော်ဝါရီလအတွင်း (၂၇.၅) သို့ စံချိန်တင် ကျဆင်းသွားခဲ့သည်ကို တွေ့ရပါသည်။ ကုန်ထုတ်စက်မှုလုပ်ငန်းများ၏ လုပ်ဆောင်ချက်မှာ ဇန်နဝါရီလတွင် (၅၁.၁)ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် (၄၀.၃)၌ လည်းကောင်း ၊ ဝန်ဆောင်မှုလုပ်ငန်းများမှာ ဇန်နဝါရီလတွင် (၅၁.၈)ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် (၂၆.၅)၌ လည်းကောင်းအသီးသီးရှိနေခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်း ကုန်အမှာစာအသစ် လက်ခံရရှိမှုများနှင့် အလုပ်အကိုင်များအားလုံးမှာ အားအနည်းဆုံး ဖြစ်ခဲ့ပါသည်။ ကူးစက်ရောဂါကြောင့် ကုမ္ပဏီများ ပိတ်ခဲ့ရခြင်း၊ ကုန်ထုတ်လုပ်မှုများ လျော့ကျခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ခံရခြင်းစသည်တို့ ဖြစ်ခဲ့ရပြီး၊ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့သည့်လုပ်ငန်းများကို အစိုးရက ပံ့ပိုးပေးမည့် မူဝါဒများ ထုတ်ပြန်သည့်တိုင် ယုံကြည်မှုများ မှတ်တမ်းတင်လောက်သည်အထိ အနိမ့်ဆုံးကျဆင်းခဲ့ရခြင်း ဖြစ်ပါသည်။

မတ်လ (၄)ရက်နေ့ညနေ စတော့ရှယ်ယာပိတ်သိမ်းချိန်တွင်  တရုတ်၏ စီးပွားရေးကို ပံ့ပိုးမှုများ ပိုမိုပြုလုပ်လာနိုင်သည်ဟူသော မျှော်လင့်ချက်များကြားဝယ် Shanghai Composite indexမှာ (၁၉)ပွိုင့် သို့မဟုတ် (၀.၆)ရာခိုင်နှုန်းတက်သွားပြီး (၃၀၁၂)ဖြင့် အပိတ်ဈေးရှိခဲ့ပါသည်။   ဈေးတက်သွားသော ကဏ္ဍများမှာ နေ့စဉ် လိုအပ်သော ကုန်ပစ္စည်းများကို ထုတ်လုပ်သည့် အခြေခံကုန်ပစ္စည်းများကဏ္ဍတွင် (၁.၅ ရာခိုင်နှုန်း)၊  (ရေ၊ မိလ္လာ၊ လျှပ်စစ်၊ ဆည်မြောင်းနှင့် သဘာဝဓာတ်ငွေ့ စသည်တို့ကို ပံ့ပိုးသော) ဝန်ဆာင်မှုကဏ္ဍတွင် (၀.၇)ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းဆိုင်ရာကဏ္ဍတွင် (၀.၆ရာခိုင်နှုန်း)နှင့် ဘဏ္ဍာရေး ဆိုင်ရာကဏ္ဍတွင် (၁.၅ ရာခိုင်နှုန်း) အသီးသီးဖြစ်ကြောင်း Caixin PMIတွင် ဖော်ပြထားပါသည်။  တစ်ချိန်တည်းမှာပင် နည်းပညာဆိုင်ရာ ကုန်ပစ္စည်း များမှာ (၂.၈ ရာခိုင်နှုန်း)၊ ဆက်သွယ်ရေးတွင် (၁.၂ ရာခိုင်နှုန်း)၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် (၀.၅ ရာခိုင်နှုန်း)နှင့် စွမ်းအင်တွင် (၀.၁) ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ 

ထိုကဲ့သို့ အဓိကငွေကြေးများ အတက်အကျဖြစ်နေစဉ်အတွင်း မတ်လ (၄)ရက်နေ့ တွင် OPEC က ရေနံထုတ်လုပ်မှုကို ထပ်မံလျှော့ချလိုက်သဖြင့် ကိုရိုနာကူးစက် ရောဂါဖြစ်ပွားနေမှုကြောင့် ရေနံစိမ်းဝယ်လိုအားအပေါ် သက်ရောက်မှုအား ဟန်ချက်မျှတရန် လုံလောက်မှုရှိနိုင်၊ မရှိနိုင် အကဲဖြတ်ဆဲဈေးကွက်များကြောင့် ရေနံ ဈေးနှုန်းများကလည်း အမြတ်အနည်းငယ်ရရှိမှုနှင့် အရှုံးပေါ်မှုကြားဝယ် မတိမ်းသာမယိမ်းသာဖြစ်နေခဲ့ပါသည်။  ရေနံထုတ်လုပ်သော ဆော်ဒီအာရေဗျနှင့် အခြား ထုတ်လုပ်သူများက ဇန်နဝါရီလက ဈေးနှုန်းထက် (၃၀) ရာခိုင်နှုန်းနီးပါး ကျဆင်းလာခဲ့သည့်ဈေနှုန်းကို ဆွဲတင်ရန် ထုတ်လုပ်မှုကို ပိုမိုလျှော့ချသင့်ကြောင်း ထောက်ခံ အကြံပြုထားကြပါသည်။ သို့ရာတွင် ရုရှနိုင်ငံကမူ လက်ရှိဈေးနှုန်းများနှင့် အဆင်ပြေလျက်ရှိပြီး  ယခု ရက်သတ္တပတ်အတွင်း မတ်လ (၅) ရက်နေ့နှင့် (၆)ရက်နေ့များ၌ ကျင်းပမည့် OPEC အစည်းအဝေး၌ ထုတ်လုပ်မှုထပ်မံလျှော့ချရန်အဆိုကို ထောက်ခံရန် တွန့်ဆုတ်နေပါသည်။ ၎င်းအစည်း အဝေးတွင်  OPECနှ င့် ၎င်း၏ မိတ်ဖက် များက တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း (၆)သိန်း ထုတ်လုပ်မှု လျှော့ချထားခြင်းအား စည်ပေါင်း (၁)သန်းကျော် ထုတ်လုပ်မှု ထပ်မံ လျှော့ချသွားရန် ဆွေးနွေး ကြမည်ဖြစ်ပါသည်။ မတ်လ (၄) ရက် နယူးယောက်စံတော်ချိန် (၁၃:၀၀) နာရီအချိန်၌ ရေနံတစ်စည်လျှင် WTI ရေနံစိမ်းဈေးနှုန်းမှာ (၀.၁)ရာခိုင်နှုန်း တိုးလျက် အမေရိကန်ဒေါ်လာ (၄၃.၃၂) ဒေါ်လာ ရရှိခဲ့စဉ်အတွင်း Brent မှာမူ (၀.၅) ရာခိုင်နှုန်း ကျဆင်းလျက် အမေရိကန်ဒေါ်လာ (၅၁.၆၇) ဒေါ်လာသာ ရှိခဲ့ပါသည်။

ဤရက်သတ္တပတ်အတွင်း ရွှေ၊ ငွေ၊ ကြေးနီသတ္ထုများ၊ ပဲပိစပ်၊ ရာဘာ၊ လက်ဖက်၊ ပန်းနှမ်း၊ နွားအရှင်၊ ဝက်အရှင်၊ ကြက်သားစသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်စည်များသာ ဈေးနှုန်းများ အနည်းငယ်တက်လာပြီး၊ ကျန်ကုန်စည်များ၏ ဈေးနှုန်းများမှာ ကျဆင်းနေကြောင်းကြောင်း လေ့လာတွေ့ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ Xinhua (၄-၃-၂၀၂၀)နှင့် tradingeconomics.com

Category: China(Nanning)