Thailand

အစိုးရအနေဖြင့်ဘတ်ငွေ (၂၀၀) ဘီလီယံချေးငွေကိုမျှော်လင့်နေ

Last Updated:

အစိုးရအနေဖြင့် Covid-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသောပြဿနာများကိုတုန့်ပြန် ရန်ကြီးမားသောစီးပွားရေးဆိုင်ရာ အားပေးလှုံ့ဆော်သည့် အစီအစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဘတ်ငွေဘီလီယံ(၂၀၀) ခန့်ချေးယူနိုင်ရန် အုပ်ချုပ်ရေး ဆိုင်ရာ အမိန့်တစ်ရပ်ထုတ်ပြန် နိုင်ရေးစဉ်းစားလျှက်ရှိပါသည်။

ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က အစိုးရအနေဖြင့် ပြည်တွင်းနှင့်ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကဉီးတည်ရည်မှန်းလျှက် စီးပွားရေးအပေါ် အားပေး လှုံ့ဆော်မည့်အစီအစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက်  ငွေချေးယူခွင့်အမိန့်အား ထုတ်ပြန်ရလိမ့်မည်ဟု ယမန်နေ့ (၂၇-၃-၂၀၂၀ရက်နေ့) ကပြောကြားခဲ့ပါသည်။

၎င်းက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် တတိယမြောက်အဖြစ် အဆိုပြုထားသော စီးပွားရေးအပေါ် အားပေးလှုံ့ဆော်မည့်အစီအစဉ်မှာ အခြေခံလူတန်းစားတို့၏ စီးပွားရေးကို အားဖြည့်ရန် ပြည်တွင်းလူမှုအသိုင်းအဝန်းတွင် အလုပ်အကိုင်များကို ဖန်တီးဖေါ်ဆောင်ပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုပုံစံ (Sufficiency economy) ကို ဖေါ်ဆောင်ပေးလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Mr.Somkid က တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်စေရန်တိုက်တွန်းနေစဉ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့ မှုစီမံကိန်းအသစ်ဖြင့် ဆောင်ရွက်လျှက်ရှိနေရာ ရန်ပုံငွေမှာ ကြီးမားရလိမ့်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

စီးပွားရေးကိုကူညီထောက်ပံ့ရန်နှင့် မိုးခေါင်မှုပြဿနာကို ဖြေရှင်းရန် မိမိတို့အနေဖြင့် ငွေကြေးသုံးစွဲရန် လိုအပ်မည်ဟု မိမိအနေဖြင့် စဉ်းစားမိကြောင်း၊ မိမိတို့ အနေဖြင့် ဘယ်လောက် လိုအပ်သည်ဆိုတာနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၎င်းကိစ္စအပေါ် ဆောင်ရွက်နေမှုတို့ကိုတွက်ဆရန် လိုအပ်ကြောင်း မစ္စတာဆုန်ကစ်က ဘဏ္ဍာရေးဝန်ကြီးဌာန၊ ထိုင်းဘဏ်၊ ငွေကြေးသက်သေခံရောင်းဝယ်ရေးကော်မရှင်တို့မှ အကြီးတန်းအရာရှိများနှင့် စီးပွားရေးဘဏ်များမှ အမှုဆောင်အရာရှိများနှင့် အစည်းအဝေး ပြုလုပ်ပြီးသည့်နောက် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၎င်းကရန်ပုံငွေ၏အရွယ်အစားမှာကန့်သတ်ချက်မရှိကြောင်း၊ အရေးကြီးသည်မှာ ရန်ပုံငွေအသစ်ဖြင့် မိမိတို့ဘာဆက်လုပ်သွားမည်ဆိုသည်ကသာ အရေးကြီး ကြောင်း၊ မိမိတို့အနေဖြင့် အကျိုးမရှိ‌သော စီမံကိန်းများနှင့် စနစ်မကျသောပုံစံမျိုးဖြင့် ရန်ပုံငွေကို အသုံးမပြုလိုကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက အစိုးရအနေဖြင့် စီးပွားရေးကိုအားပေးလှုံ့ဆော်ရန်အတွက် သုံးစွဲရန် ဘတ်ဂျက်ဗျူရိုသို့ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ကိုလွယ်လွယ်လွှဲပြောင်းပေးနိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် ဉပဒေတစ်ခုကိုပြဌာန်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာဆုန်ကစ်က စီးပွားရေးကိုဆိုးရွားစွာထိခိုက်စေသည့် Covid-19 ကပ်ရောဂါ ကြောင့် လူအများအနေဖြင့် မိမိတို့နေအိမ်ရှိရာပြည်နယ်များသို့ ပြန်လာသောအခါ အစိုးရ အနေဖြင့်ပြည်တွင်းစီးပွားရေးပိုမိုအားကောင်းလာစေရန် အားပေးလှုံ့ဆော်သည့် အစီအစဉ်များဖြင့် အခွင့် အလမ်းများကို အသုံးချနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့်ယခု အကျပ်အတည်းကို ပြည်တွင်းနှင့်‌ဒေသတွင်း စီးပွားရေးအားကောင်းခိုင်မာလာစေသည့် အခွင့်အလမ်းတစ်ခုအဖြစ်ပြောင်းလဲအသုံးချ လိုကြောင်း၊ မိမိတို့၏ အားနည်းချက်မှာမိမိတို့အနေဖြင့် အခြားနိုင်ငံများအပေါ် မှီခိုခြင်းဖြစ်ကြောင်း၊ မိမိတို့အတွင်းပိုင်းမှာ အားနည်းချက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။

၎င်း၏ဖြန့်ဖြူးရေးစခန်းများတွင် ပြည်တွင်းထုတ်ကုန်များအတွက်နေရာများ ထောက်ပံ့ပေးခြင်းဖြင့် အစိုးရပိုင် PTT plc  အနေဖြင့် ဖြန့်ဖြူးရေးအပိုင်းကို ကူညီသွား ရန်မျှော်လင့်ထားပါသည်။မစ္စတာဆုန်ကစ်၏ ပြောကြားချက်အရ ၁၉၉၇ ခုနှစ် “Tom Yum Kung” အကျပ်အတည်းသည် ထိုင်းစီးပွားရေးကိုကျဆင်းစေခဲ့သော်လည်း ဘဏ္ဍာ‌ရေး အကျပ်အတည်းမှာမူ ဆင်းရဲသား များထက် ချမ်းသာသူများကို ပိုမိုထိခိုက်စေခဲ့ကြောင်းသိရှိရပါသည်။

သို့ရာတွင် Covid-19 ၏ သက်ရောက်မှုများကို နိုင်ငံအနှံ့ခံစားနေရပြီး ၎င်းကနိုင်ငံများစွာကို စီးပွားရေးကျဆင်းမှုသို့ ပို့ဆောင်ရန် ကြီးမားသောအန္တရာယ်ရှိနေ ပါသည်။ သို့ဖြစ်ရာ မိမိတို့အနေဖြင့် အနာဂတ်အတွက် ဘာလုပ်မည်ဆိုသည်က အရေးကြီးကြောင်း၊ ကမ္ဘာ့စီးပွားရေးမှာအနီရောင် (Red) ဖြစ်နေကြောင်း၊ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အနေဖြင့်ကမ္ဘာကြီးကို ကူညီရန် ကမ်းလှမ်းနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီး ဉတ္တမက ချေးယူမည့်အရွယ်အစားမှာ စီးပွားရေးအပေါ် အားပေးလှုံ့ဆော်မည့် အစီအစဉ်၏ ရည်ရွယ်ချက်များအပေါ်မူတည်ကြောင်း ယမန်နေ့ က ပြောကြားခဲ့ပါသည်။ အကယ်၍ မိမိတို့အနေဖြင့် စီးပွားရေးကို မြှင့်တင်ပေးခြင်းမပြုဘဲ ချန်ထားခဲ့မည်ဆိုပါ အခြေအနေများ တိုးတက်လာခဲ့ပြီးနောက် မည်သည့် အချိန်တွင် ပြန်ကောင်းလာမည်ကို မိမိတို့ သိမှာမဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ချေးငွေမှာဘတ်ငွေ ဘီလီယံ(၂၀၀)ခန့်ရှိမလားဟု မေးသောအခါ ၎င်းကမူအရ ဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ စီစဉ်ထားသော စီးပွားရေးအပေါ်အားပေးလှုံ့ဆော်သည့် အစီအစဉ်မှာ တတိယမြောက်ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်တွင်  Covid-19 ခံစားထိခိုက်ရသော ယာယီအလုပ်သမား (Temporary workers) များအနေဖြင့် တစ်လလျှင်ဘတ်ငွေ (၅,၀၀၀) ဖြင့် (၃) လစာအတွက် ထောက်ပံ့မှုကို အစိုးရ၏ ဘတ်ငွေ (၅၀)ဘီလီယံ တန်ဖိုးရှိ ရန်ပုံငွေအစီအစဉ်မှ ရရှိနိုင်မည်ဖြစ်ပါသည်။

ပထမအဆင့်မှာ Covid-19 ၏ အကျပ်အတည်းနှင့်ဆိုးကျိုးများကို သက်သာစေရန် ကုမ္ပဏီ များ အထူးသဖြင့် SMEs လုပ်ငန်းများကို ကူညီရန် ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာ သက်သာချောင်ချိရေး အစီအမံများဖြင့်လွှမ်းခြုံထားခဲ့ခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                           

Category: Thailand