India (Delhi)

အကောက်ခွန်ရှင်းလင်းရာ၌ ငွေချေးသက်သေခံလက်မှတ်များ တင်ပြရန် လိုအပ်ချက်အား အိန္ဒိယအစိုးရက ယာယီကင်းလွတ်ခွင့်ပြုခြင်း

Last Updated:

COVID-19 ဗိုင်းရပ်စ်ရောဂါကူးစက်မှု ဂယက်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် အကောက်ခွန်လုပ်ငန်းဆိုင်ရာ စိစစ်မှုနှင့် ကုန်စည်ရှင်းလင်းမှု လုပ်ငန်းစဉ်များ၌ တင်ပြရန်လိုအပ်ချက်အဖြစ် သတ်မှတ်ထားသည့် ငွေချေးသက်သေခံလက်မှတ် (Bonds) များတင်ပြရမှုကို ယာယီအားဖြင့် ဧပြီလ ၃၀ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုကြောင်း၊ ၎င်းအစား ကုန်စည် အပေါ်တာဝန်ယူကြောင်း ကတိဝန်ခံချက် (Letter of Undertaking) ကိုသာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များမှ တင်သွင်းရမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) က ၃.၄.၂၀၂၀ နေ့တွင် အသိပေး နှိုးဆော်စာ ထုတ်ပြန်ခဲ့ပါသည်။

တစ်နိုင်ငံလုံး၌ အသွားအလာတားမြစ်ကန့်သတ်မှု (lockdown) ပြုလုပ်ထားချိန်တွင် Bonds များတင်သွင်းရန်အတွက် သက်ဆိုင်ရာဌာနများထံမှ အခွန်တော်တံဆိပ်ကပ်နှိပ်လျက် နိုတြီပြုလုပ်ထားသည့် သက်သေခံလက်မှတ်များ ရရှိရန် ခက်ခဲမှုအရ CBIC က ယခုကဲ့သို့ ယာယီဖြေလျော့မှု ပြုလုပ်ခြင်းဖြစ်ပြီး ၁၄.၄.၂၀၂၀ နေ့ lockdown ကာလပြီးဆုံးချိန်နောက်ပိုင်း၌ ပြန် လည်သုံးသပ်မှုပြုမည်ဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ (PSUs)၊ ကုန်ထုတ်လုပ်သူများ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ အသိအမှတ်ပြုထားသည့် စီးပွားရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ အခွန်မဆောင်ရသေး သော ကုန်စည်များထားရှိ သိုလှောင်နိုင်သည့် အကောက်ခွန်ဌာန သိုလှောင်ရုံများ (Customs warehouse facilities) အား ငှားရမ်းအသုံးပြုသူ သွင်းကုန်လုပ်ငန်းရှင်များသည် ယခုဖြေလျော့မှုအခွင့်အရေးကို ရယူနိုင် မည်ဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းရှင်များသည် ဇူလိုင်လ ၅ ရက်နေ့မတိုင်မီ ငွေချေးသက်သေခံလက်မှတ်များ တင်သွင်းမှုကို အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         CBIC allows traders to import, export goods without furnishing bonds, 3 Apr 2020, Economic Times

Category: India (Delhi)