Singapore

သြဂုတ်လအတွင်း စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှု ၆.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်မှာ ၇.၇ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၄.၇ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇ - ၉ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ကာလအလိုက်ညှိနှိုင်းမှုစာရင်းအရ သြဂုတ်လတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၄၃.၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၇.၃ ဘီလီယံ ရရှိခဲ့သည့်အတွက် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၈၀.၅ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 ကုန်စည်ကုန်သွယ်မှုအခြေအနေမှာ ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်နေသော်လည်း သြဂုတ်လတွင် စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) သည် စင်ကာပူဒေါ်လာ ၁၅.၆ ဘီလီယံရရှိခဲ့သဖြင့် ယခင်နှစ်ထက် ၇.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း၊ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်ဟူ၍ နှစ်မျိုး ခွဲခြားထားပြီး အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်သည် ၅.၇ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်သည် ၈.၃ ရာခိုင်နှုန်း ဖြင့် နှစ်မျိုးလုံး ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်များတွင် အဓိကအားဖြင့် Personal Computers (၁၅.၂%) ၊ Disk Media ပစ္စည်း (၁၁.၈%) နှင့် ICs (၇.၁%) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များအနက် အထူးသဖြင့် ရွှေ (၅၅.၁%)၊ အထူးထုတ်လုပ်ထားသောစက်ပစ္စည်း (၂၅.၇%) နှင့် Food Preparations (၁၈.၉%) တို့ကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ စင်ကာပူသည် စက်သုံးဆီ မဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှလွှဲ၍ ၎င်း၏ အခြားအဓိကစျေးကွက် များသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အထူးသဖြင့် အီးယူ ၂၇ နိုင်ငံ (၃၀.၂%)၊ တရုတ် (၂၄.၅%) နှင့် အမေရိကန် (၁၄.၁%) နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော် ဖွံ့ဖြိုးဆဲစျေးကွက်များသို့ တင်ပို့မှု ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သြဂုတ်လတွင် စင်ကာပူ၏ စက်သုံးဆီတင်ပို့မှုသည် ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အဓိက အားဖြင့် ဟောင်ကောင် (- ၇၇.၆%) ၊ အင်ဒိုနီးရှား (- ၆၀.၈%) နှင့် မလေးရှား (- ၅၁.၈%) နိုင်ငံများသို့ တင်ပို့မှုကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ စက်သုံးဆီမဟုတ်သောကုန်ပစ္စည်းများကို ပြန်လည် တင်ပို့မှု (Non-Oil Re-exports) အပိုင်းတွင် ၀.၁ ရာခိုင်နှုန်း ပြန်လည်တိုးတက်မှုရရှိလာကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore