Belgium

သြဂုတ်လတွင် ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်း သုညအောက်သို့ ကျဆင်း

Last Updated:

ယူရိုဇုန်၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် သုညအောက် သို့ကျဆင်းခဲ့ကြောင်း အီးယူ၏စာရင်းအင်းရုံး (Eurostat) ၏ ခန့်မှန်းချက်များအရ သိရသည်။ သြဂုတ်လတွင် ယူရိုဇုန်၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ (-၀ ဒသမ ၂) ရာခိုင်နှုန်းရှိခဲ့သည်ဟု ခန့်မှန်းထားပြီး၊ ဇူလိုင်လ၏ ငွေကြေးဖောင်းပွမှုနှုန်း (၀ ဒသမ ၄) ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။ Eurostat အရ ဘယ်လ်ဂျီယံနိုင်ငံ၏ သြဂုတ်လ ငွေကြေးဖောင်းပွမှု နှုန်းထားမှာ (-၀ ဒသမ ၉) ရာခိုင် နှုန်းရှိကြောင်း သိရသည်။ 

သြဂုတ်လတွင် ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်းထား ယင်းသို့ဖြစ်ပေါ်ခဲ့ရခြင်းမှာ ဘယ်လ်ဂျီယံနိုင်ငံအပါအဝင် ဥရောပရှိနိုင်ငံအများအပြားသည် ၎င်းတို့၏ sales periods များကို သြဂုတ်လသို့ပြောင်းလဲ၍ ရောင်းချခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Eurostat ကထောက်ပြခဲ့သည်။  အစားအစာ၊ အယ်လ်ကိုဟောနှင့် ဆေးရွက်ကြီးကုန်စည်များသည် သြဂုတ်လတွင် နှစ်စဉ်ငွေကြေး ဖောင်းပွမှုနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်သည်ဟု ခန့်မှန်းထားပြီး၊ ဇူလိုင်လတွင် ၂ ဒသမ ၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ဝန်ဆောင်မှုများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ  ၀ ဒသမ ၇ ရာခိုင်နှုန်း၊ စွမ်းအင်မှအပ စက်မှုလုပ်ငန်းကုန်စည်များ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (-၀ ဒသမ ၁) ရာခိုင်နှုန်းနှင့် စွမ်းအင် (-၇ ဒသမ ၈) ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium