Japan

သဘာဝကပ်ဘေးကျရောက်ချိန်တွင် များစွာ အသုံးဝင်သည့် လျှပ်စစ်ကားများ ဂျပန်တီထွင်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ အဓိကမော်တော်ကားကုမ္ပဏီကြီး ၂ ခုက အရေးပေါ်အချိန်တွင် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်ကားများကို ပူးပေါင်းတီထွင် ထုတ်လုပပ်နေကြကြောင်း သိရပါသည်။

အဆိုပါ ကုမ္ပဏီများဖြစ်ကြသည့် Toyota နှင့်  Honda R & D ကုမ္ပဏီတို့က ယခု စက်တင်ဘာလမှ စတင်ကာ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရ သည့်အချိန်တွင်  အရေးပေါ်စွမ်းအင်တစ်ခုအဖြစ် အသုံးပြုနိုင်သည့် နည်းပညာ စမ်းသပ်မှုတစ်ခုကို ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

တိုယိုတာမှ ထုတ်လုပ်သည့် ဘတ်စ်ကားတစ်စင်းအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ဟိုက်ဒရိုဂျင်လောင်စာပမာဏကို ပုံမှန်ထက် ၂ ဆ ပိုမိုသယ်ဆောင်နိုင်ပါကြောင်း၊ တိုယိုတာဘတ်စ်ကားမှ ထုတ်လုပ်သည့် လျှပ်စစ်ကို ဟွန်ဒါကုမ္ပဏီကထုတ်လုပ်သည့်  ဘက်ထရီသို့ ဓာတ်အား သိုလှောင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဘက်ထရီများသည်  ခိုလှုံရေးစခန်းတစ်ခုရှိ လူဦးရေ ၅၀ ခန့်အတွက် အနည်းဆုံး ၃ ရက်ခန့် အသုံးပြု နိုင်သည့် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်ပါကြောင်းဟု  သုတေသီများက ပြောကြားခဲ့ပါသည်။ အဆိုပါဘတ်စ်ကားမှ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အားကို ခရီးဆောင်ဘက်ထရီများကို အားသွင်းရန်အတွက်လည်း အသုံးပြုနိုင်ပါကြောင်း သိရပါသည်။

Nissan ကုမ္ပဏီကလည်း ၎င်းတို့ထုတ်လုပ်သည့် လျှပ်စစ်ကားများကို သဘာဝဘေး အန္တရာယ်ကျရောက်ချိန် ခိုလှုံရေးစခန်းများတွင် အသုံးပြု နိုင်ရန် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ၅၀ ကျော်နှင့် သဘောတူထားကြောင်း သိရပါသည်။

လျှပ်စစ်ကားသည် ဓာတ်အားပြတ်တောက်ချိန်တွင်  အရန်ဓာတ်အားအဖြစ် အသုံးပြုနိုင်သည့်အပြင် အလင်းရောင်အတွက် မီးထွန်းနိုင်ခြင်း၊  တယ်လီဖုန်းများ အားသွင်းနိုင်ခြင်းတို့ကြောင့် သဘာဝေဘးကြုံတွေ့ရချိန် အရေးပေါ် အခြေအနေများအတွက် များစွာအသုံးဝင်လှပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan