Thailand

ဝန်ကြီးချုပ်က အနှစ်(၂၀)မဟာဗျူဟာအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဉီးစားပေး ရန် အကြံပြု

Last Updated:

လာမည့် (၂) နှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် လှုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် အဓိကအားဖြင့် လူထုအခြေပြုအဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယှဉ်ပြိုင်စွမ်းအားတိုးတက်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အဉီဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ပထမဉီးစားပေး အာရုံစိုက် သင့်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Economic and Social Development Council(NESDC) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက တိုင်းပြည်၏ အနှစ် (၂၀) အမျိုးသားမဟာဗျူဟာစီမံကိန်းတွင် ကပ်ရောဂါကြောင့် ထိခိုက်ခံစားပျက်စီးခဲ့ရသော လူမှုစီးပွား ပြန်လည်ထူထောင်ရေးကို အာရုံစိုက်၍ ပြန်လည်ပြင်ဆင်ရန် လိုအပ်မည်ဟု တနင်္လာနေ့ (၂၁.၉.၂၀၂၀ ရက်နေ့) တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၁-၂၀၂၂ ကာလအတွင်း NESDC အနေဖြင့် အဆိုပါကိစ္စရပ် (၄) ခုအား ကိုင်တွယ်ဖြေရှင်းမည့်စီမံကိန်းများအား အာရုံစိုက်ရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် အဆိုပါ အားထုတ်ဆောင်ရွက်မှုများအတွက် ပံ့ပိုးရန်ဘတ်ဂျက်ငွေ ဘတ် (၄၀၀) ဘီလီယံကိုချမှတ်၍ ဖယ်ထားခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းမှာဗိုင်းရပ်စ်ကြောင့် ထိခိုက် ခံစားခဲ့ရသည့် တိုင်းပြည်၏စီးပွားရေးကို ပြန်လည်ထူထောင်ရန် ဆောင်ရွက်ချက်တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရှိရပါသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်က အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်ဘတ်ဂျက်အား စတင်အကောင်အထည်ဖေါ်တော့မည်ဖြစ်ကြောင်းနှင့် နောက်ထပ်ချေးငွေရရှိရန်မှာ မသေချာလှကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဗုဒ္ဗဟူးနေ့က ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Santi Promphat ဉီးဆောင်သော ၂၀၂၁ ခုနှစ် ဘတ်ဂျက်လျာထားငွေဉပဒေကြမ်းအား ပြန်လည် သုံးသပ်သည့် သီးခြားကော်မတီသည် အစိုးရဌာနပေါင်း (၇၂၁) ခု၏ ဘတ်ဂျက်များအား အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ အစိုးရ၏ အမျိုးသားပြုပြင်ပြောင်းလဲရေးစီမံချက်၊ အမျိုးသားလုံခြုံရေး၊ အစိုးရ၏မူဝါဒများ၊ ကပ်ရောဂါအကျပ်အတည်းနှင့် စီးပွားရေးအခြေအနေများနှင့်အညီ ပြန်လည်စီစစ် သုံးသပ်ခဲ့ကြောင်း သိရှိရပါသည်။

ကော်မတီအနေဖြင့် အစိုးရ၏ အသုံးစရိတ်ပေးချေမှုများအား ထပ်နေခြင်းမှ တားဆီးကာကွယ်ရန်နှင့် ထိရောက်စွာအသုံးပြုနိုင်ရေးတို့အတွက် အစိုးရဌာနဆိုင်ရာ အားလုံး၏ ဘတ်ဂျက်များကို ဆက်လက်ပေါင်းစပ်ဆောင်ရွက်နိုင်ရန် စိစစ်အဆိုပြုတင်ပြခဲ့ကြောင်း သိရှိရပါသည်။ ကော်မတီအနေဖြင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ ပြည်သူ့ကျန်းမာရေးတို့အတွက် ဘတ်ဂျက်များတိုးမြှင့်ပေးရန်လည်း အဆိုပြုခဲ့ကြောင်းသိရှိရပါသည်။

ကော်မတီသည် ၂၀၂၁ ခုနှစ် ဘတ်ဂျက်အား (၃.၃) ထရီလီယံမှ (၃.၂၈) ထရီလီယံသို့ လျှော့ချဖြတ်တောက်ခဲ့ကြောင်း၊ အခြားနေရာ ဧရိယာများမှ ဘတ်ငွေ (၃၁) ဘီလီယံအား လျှော့ချဖြတ်တောက်ခဲ့ပြီး အများပြည်သူကျန်းမာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာတူညီမျှ ပညာရေးရန်ပုံငွေ (Equitable Education Fund) နှင့်  တရားရုံးများ၏ ဘတ်ဂျက်ငွေ တို့အား (၁၇.၉) ဘီလီယံ တိုးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

NESDC ၏ အထွေထွေအတွင်းရေးမှူး Thosaaporn Sirisamphand က ဌာနအနေဖြင့် အစိုးရ၏ လူမှုစီးပွားပြန်လည်ထူထောင်ရေးရန်ပုံငွေ ဘတ် (၄၀၀) ဘီလီယံမှ (၉၂) ဘီလီယံအား ယခုလအတွင်း အတည်ပြုချက်ရရှိရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် စတုတ္ထ သုံးလပတ်တွင် နောက်ထပ်အလားတူဘတ်ငွေ (၁၀၀) ဘီလီယံအား ချထားပေးရန်နှင့် လာမည့်နှစ် ပထမနှင့် ဒုတိယ (၃) လပတ်များတွင် ဘတ်ငွေ (၂၀၀) ဘီလီယံခွဲဝေချထားပေးနိုင်ရေး စီစဉ်ထားကြောင်း သိရှိရ ပါသည်။ အစိုးရအနေဖြင့် အလုပ်လက်မဲ့နှုန်းမြင့်တက်မှုကို တားဆီးရန်နှင့် ဝင်ငွေနည်းပါးသူများအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေ ရေး အစီအမံများကို ပိုမိုအကောင်အထည်ဖေါ် ဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြောင်းသိရှိရပါသည်။

Mr. Thosaporn ကတိုင်းပြည်၏ အလုပ်လက်မဲ့နှုန်းမှာ ယခုနှစ်အတွက် စုစုပေါင်းလုပ်သားအင်အား၏ (၂%)၊ အရေအတွက်အားဖြင့် (၇၅၀,၀၀၀) တွင် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ယခုနှစ်အတွက် ပိုမိုမြင့်မားသော ဆင်းရဲနွမ်းပါးမှုကိုလည်း ခန့်မှန်းထားကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

 

Category: Thailand