China(Nanning)

လုပ်ငန်းများပြန်လည်စတင်ရန် ကွမ်ရှီးဒေသ၌ ဘဏ္ဍာရေးပိုင်းဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်လျက်ရှိ

Last Updated:

ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း နိုင်ငံစီးပွားရေးကို အပြည့်အဝကာကွယ်ရန် လုပ်ငန်းများ ပြန်လည်စတင်ခြင်းနှင့် ထုတ်လုပ်မှု ပြန်လည်စတင်ခြင်း ပြုရာ၌ ထိရောက်စွာ ပံ့ပိုးမှုများပြုနိုင်ရန် စီမံဆောင်ရွက်မှုမျာကို ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဘဏ္ဍာရေးအဖွဲ့အစည်းအမျိုးမျိုးက ထုတ်ပြန်ကြေငြာ လျက်ရှိပါသည်။

ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ပါဝင်ဖြည့်ဆည်းပေးသည့် အနေဖြင့် ယနေ့အချိန်အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများ က လုပ်ငန်းပေါင်း (၁၉၂၈) ခုသို့ ချေးငွေ ယွမ်(၇)ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ထုတ်ချေးပြီးခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းပြန်လည်စတင်ရန် အရေးတကြီး ငွေကြေးလိုအပ်နေသော အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ယွမ် (၇၆) ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ပါသည်။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့၌ ကွမ်ရှီးတွင် ရောဂါကာကွယ်ရေးနှင့်ဆက်စပ်သော နေရာများအတွက် ဘဏ်စာရင်း (၂၀၇)ခုကို ဖွင့်လှစ်ပေးထားကာ၊ အွန်လိုင်းမှ ငွေပေးငွေယူပြုလုပ်မှုပေါင်း (၄၈.၇၅) သန်းကို ဆောင်ရွက်ပေးထားပြီး၊ ရောဂါကာကွယ်ရေး အသုံးအဆောင်များ ကုန်သွယ်ရာတွင် ယွမ်ငွေ (၆၂.၆၈) သန်း တန်ဖိုးရှိ နိုင်ငံခြားငွေကြေးလဲလှယ်မှုပေါင်း (၃၈) ခုကို ပြုလုပ်ပေးထားပါသည်။

ထို့ပြင် People's Bank of China (PBOC)၏ နန်နင်းဘဏ်ခွဲက ကိုရိုနာရောဂါပိုး ကူးစက်ခံထားရသော သို့မဟုတ် သံသယရှိသောလူနာများ၊ သီးခြားထား၍ စောင့်ကြည့်နေသူများနှင့် ရောဂါကာကွယ်ကုသရေးတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ကြွေးမြီများပြန်လည်ပေးဆပ်ရန် နေ့စွဲကို နောက်ဆုတ်ပေးခြင်းနှင့် ကြွေးမြီ ပြန်မဆပ်ဟု မှတ်တမ်းရှိမှုပေါင်း (၂၀၁၀) ကို ပယ်ဖျက်ပေးခဲ့ပါသည်။  လုပ်ငန်းများ ပြန်လည်စတင်နိုင် ရန် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် သီးခြားအိမ်ထောင်စုများအား ကူညီပေးရန် အထူးချေးငွေထုတ်ချေးမှုမြှင့်တင်ရေးအတွက်လည်း စီမံဆောင်ရွက်ပေးမှု အချက် (၁၀)ချက်ကို ထုတ်ပြန်ထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ en.gxzf.gov.cn (၂-၃-၂၀၂၀)

Category: China(Nanning)