India (Delhi)

လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေမူကြမ်း ၃ ခုအား အိန္ဒိယလော့ဆာဘလွှတ်တော်က အတည်ပြုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ လော့ဆာဘလွှတ်တော်သည် စားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနမှ တင်သွင်းသည့် အရေးကြီး ကုန်စည်များအက်ဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ၁၅.၉.၂၀၂၀ နေ့၌လည်းကောင်း၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာနမှ ၅.၆.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် လယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းအာမခံမှုဆိုင်ရာ ဥပဒေကဲ့သို့အာဏာတည်သော အမိန့် ၂ ရပ်အား အစားထိုးပြဌာန်းမည့် ဥပဒေမူကြမ်း ၂ ခုကို ၁၇.၉.၂၀၂၀ နေ့၌လည်းကောင်း အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များကို လယ်ယာ ထွက်ကုန်ဈေးကွက်ကော်မတီ အက်ဥပဒေ (APMC Act) အရ သတ်မှတ်ထားသည့် ကုန်စည်ဒိုင်ဈေးကွက်များ၌သာ ရောင်းချရန် ကန့်သတ်ခံထားရပြီး ပြည်နယ်အစိုးရအသီးသီး၏ ကွဲပြားခြားနားသည့် လယ်ယာ ထွက်ကုန်ရောင်းဝယ်မှုဆိုင်ရာ ပြဌာန်းချက်မျိုးစုံကလည်း တောင်သူများအတွက် ပြင်ပဈေးကွက်များသို့ ထုတ်ကုန်များတင်ပို့ရောင်းချနိုင်ရန် အခက်အခဲ များဖြစ်ပေါ်စေလျက် ရှိနေပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားများနှင့် ကုန်သည်များက လယ်ယာထွက်ကုန်များအား ၎င်းတို့စိတ်ကြိုက် လွတ်လပ် စွာရောင်းဝယ်မှုပြုနိုင်မည့် ဂေဟစနစ်တစ်ရပ်ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်မှု (မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး) ဥပဒေမူကြမ်း (Farmers' Produce Trade and Commerce (Promotion and Facilitation) Bill, 2020) အား အတည်ပြုပြဌာန်းနိုင်ရန် တင်သွင်းခြင်းဖြစ်ကြောင်း၊ ၎င်းစနစ်က ယှဉ်ပြိုင်ရောင်းဝယ်သည့် ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် သင့်တင့်ကောင်း မွန်သည့် ဈေးနှုန်းများကို ရရှိစေမည်ဖြစ်ပြီး ပြည်နယ်များ၌ သတ်မှတ်ထားသည့် ကုန်စည်ဒိုင်ဈေးကွက်များအပြင် ပြည်နယ်အတွင်းနှင့် ပြည်နယ်အချင်း ချင်းအကြား တောင်သူလယ်သမားများ၏ လယ်ယာထွက်ကုန်များကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ရရှိစေမည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာနမှ ဖော်ပြပါသည်။

ထို့အပြင် လယ်ယာလုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူများ၊ ကုန်စည်ပြုပြင်ထုတ်လုပ်သူများ၊ လက္ကားရောင်းဝယ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အကြီးစား လက်လီရောင်းချသူများနှင့် ချိတ်ဆက်၍ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများရယူခြင်းနှင့် အနာဂတ်တွင် ရိတ်သိမ်းရရှိလာမည့် လယ်ယာထွက်ကုန်များ အား ရောင်းချခြင်းတို့ကို ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများအနေဖြင့် သင့်မြတ်လျော်ကန်သည့် ဈေးနှုန်းမူဘောင်တစ်ရပ်ကို ပွင့်လင်းမြင်သာ စွာဖြင့် အပြန်အလှန် သဘောတူညီမှုများ လုပ်ဆောင်နိုင်စေရန်အတွက် တောင်သူလယ်သမားများ၏ (လုပ်ပိုင်ခွင့်နှင့် အကာအကွယ်ပေးရေး) ဈေးနှုန်း အာမခံမှုနှင့် လယ်ယာဝန်ဆောင်မှု သဘောတူညီချက်ဆိုင်ရာ ဥပဒေမူကြမ်း (Farmers (Empowerment and Protection) Agreement of Price Assurance and Farm Services Bill, 2020) ကို လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်ကြောင်း၊ ၎င်းဥပဒေ အတည်ပြုပြဌာန်းပြီးချိန်တွင် စိုက်ပျိုးထုတ်လုပ် မှုနှင့် ဈေးကွက်တင်ရောင်းချမှုများ၌ တောင်သူလယ်သမားများ ကြုံတွေ့ရနိုင်သည့် မသေချာမှုများ၊ စွန့်စားရမှုများကို အထောက်အပံ့ပြုသည့် လုပ်ငန်း များသို့ လွှဲပြောင်းရောက်ရှိစေမည်ဖြစ်ပြီး ကြားခံအဆင့်များအား လျော့ချလျက် ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းဖြင့် ထုတ်ကုန်များ၏ ဈေးနှုန်း အစစ်အမှန်ကို ရရှိစေမည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါသည်။

အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက တင်သွင်းသည့် အရေးကြီးကုန်စည်များ (ပြင်ဆင်ချက်) ဥပဒေမူကြမ်း (Essential Commodities (Amend-ment) Bill, 2020) တွင် နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ စားသုံးဆီများ၊ ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် အာလူးတို့ကဲ့သို့သော အခြေခံစားကုန်များအား အရေးကြီးကုန်စည်စာရင်းမှ ဖယ်ရှားနိုင်မည့် ပြဌာန်းချက်များ ပါဝင်ပါသည်။ ဤအချက်က လယ်ယာထွက်ကုန်ရောင်းဝယ်မှုဆိုင်ရာ လုပ်ကိုင်ဆောင် ရွက်မှုများ၌ လွန်ကဲစွာကြပ်မတ်မှုများရှိနေခြင်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုအား လျော့ပါးစေမည်ဖြစ်ပြီး လွတ်လပ်စွာထုတ်လုပ်/ သိုလှောင်/ သယ်ယူ/ ဖြန့်ဖြူးမှုများ ဆောင်ရွက်နိုင်ခြင်းက အအေးခန်းသိုလှောင်ရုံများနှင့် ခေတ်မီစားသောက်ကုန် ထုတ်လုပ်မှုကွင်းဆက်၌ ပြည်တွင်းပြည်ပမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်း၌ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် (Horticulture) သီးနှံများနှင့် ပုပ်သိုးပျက်စီးလွယ်မှု မရှိသော (Non-perishable) သီးနှံများ၏ လက်လီဈေးနှုန်းများသည် ၁၀၀% နှင့် ၅၀% အသီးသီးမြင့် တက်မှုရှိချိန်နှင့် အရေးပေါ်အခြေအနေကာလများ၌ ပြည်နယ်အစိုးရများအနေ ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်၍ ထိန်းသိမ်းကြပ်မတ်နိုင်ကြောင်း ဖော်ပြထားသော်လည်း လယ်ယာထွက်ကုန်ရောင်းဝယ် သည့် ကုမ္ပဏီ လုပ်ငန်းများ၏ သိုလှောင်ထားရှိမှုအား ကင်းလွတ်ခွင့်ပြုထားသည်။

ထိုကဲ့သို့ BJP ပါတီ ဦးဆောင်သည့် အိန္ဒိယအစိုးရက လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေမူကြမ်း ၃ ခုအား လွှတ်တော်သို့ တင်သွင်းလျက် အတည်ပြုပြဌာန်းမှု အပေါ် ကွန်ဂရက်၊ TMC စသည့် အဓိကအတိုက်အခံပါတီများက ကန့်ကွက်ခဲ့ကြပြီး ယခု ဥပဒေပြဌာန်း၍ ဖြေလျော့မှုများ ပြုလုပ်ခြင်းသည် တောင်သူ လယ်သမားများ၏ အကျိုးစီးပွားထက် ကုမ္ပဏီကြီးများနှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများကိုသာ အဓိကအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အခြေခံ စားကုန်များအား အရေးကြီးကုန်စည်စာရင်းမှ ဖယ်ရှားခြင်းသည် သိုလှောင်ဈေးကစားမှုများအား တရားဝင် လုပ်ကိုင်ခွင့်ပြုရာရောက်ကြောင်း၊ ထို့အပြင် ယင်းသို့သော ဝိသမလုပ်ဆောင်မှုများအား ကြပ်မတ်ထိန်းချုပ်လျက်ရှိသည့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာကို ဗဟိုအစိုးရက လက်လွှတ်ဆုံးရှုံး စေခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်းပါ အချက်များသည် ဒွိဟဖြစ်ဖွယ်ရာရှိပြီး လွှတ်တော်၏ အမြဲတမ်းကော်မတီ၌ ပြန်လည်သုံးသပ်သင့်ကြောင်း ဝေဖန် ထောက်ပြလျက်ရှိသည်။ BJP ပါတီဦးဆောင်သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့၌ ပါဝင်လျက်ရှိသည့် Shiromani Akali Dal ပါတီကလည်း အရေးကြီးကုန်စည်များ (ပြင်ဆင်ချက်) ဥပဒေမူကြမ်း အတည်ပြုရန် တင်သွင်းမှုအပေါ် ကန့်ကွက်ခဲ့သည်။

အထောက်အပံ့ပြုမည့် အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းခဲ့ပါက ၎င်းရည်ညွှန်းဈေးနှုန်း၌ အနိမ့်ဆုံးထားရှိ၍ အစိုးရက သီးနှံများကို ဝယ်ယူပေး သည့် Minimum Support Price (MSP) အစီအစဉ်အား လယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းအာမခံမှုဆိုင်ရာ အမိန့်များအရ ပယ်ဖျက်မှုရှိမည်ကို စိုးရိမ်လျက်ရှိသည့် ဟာရီယာနာနှင့် ပန်ဂျပ်ပြည်နယ်တို့ရှိ လယ်သမားသမဂ္ဂများကမူ ၁၀.၉.၂၀၂၀ နေ့မှစတင်၍ ဆန္ဒပြပွဲများ ပြု လုပ်လျက်ရှိကြပါသည်။

အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Mr. Narendra Singh Tomar က ယခုတင်သွင်းခဲ့သည့် ဥပဒေမူကြမ်းများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများမှ အကျိုး ဖြစ်ထွန်းမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမား များ၏ လုပ်ကိုင်နိုင်ခွင့်ကို တံခါးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး လယ်ယာထွက် ကုန်များအား အတားအဆီးမရှိပဲ ပြည်တွင်း၌ လွတ်လပ်စွာကုန်သွယ်ရောင်းဝယ်မှု ပြုနိုင်စေမည်ဖြစ်ကြောင်း၊ ယခုဥပဒေမူကြမ်းပါ ပြဌာန်းချက်များသည် အထောက်အပံ့ပြုသည့် အခြေခံရည်ညွှန်းဈေးနှုန်း အစီအစဉ် (MSP) အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ ထို့အပြင် ပြည်နယ်များ၏ လယ်ယာ ထွက်ကုန်ဈေးကွက်ကော်မတီအက်ဥပဒေ (APMC Act) အရ ဆောင်ရွက်သည့်အစီအစဉ် များတွင်လည်း ဝင်ရောက်စွက်ဖက်ရန်မရှိကြောင်းဖြင့် ၁၇.၉.၂၀၂၀ နေ့ လော့ဆာဘလွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရသည် အတ္တမနိဗ္ဗာဘာရတ် (Atmanirbhar Bharat) ခေါ် ကိုယ်ပိုင်စွမ်းအား ဖြင့် ရှင်သန်ရပ်တည်ရေး ရည်မှန်းချက်အား ဖော်ဆောင်ရာတွင် လယ်ယာကဏ္ဍ၌ လိုအပ်သော ဥပဒေမူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် အဆိုပါ ဥပဒေမူကြမ်း ၃ ခုကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင်များဖန်တီးမှုနှင့်အတူ တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရန် လယ်ယာကဏ္ဍ၌ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကို တွန်းအား ပေးဆောင်ရွက်လျက် ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Three bills aimed at transformation of agriculture and raising farmers’ income introduced in Lok Sabha today, 14 Sept 2020, Press Information Bureau of India

2. Lok Sabha clears Bill to take out onion, potato from essential commodities list, 15 Sept 2020, The Hindu Businessline

3. Opposed by opposition & BJP ally SAD, bill to replace farm ordinance passed in Lok Sabha, 15 Sept 2020, The Print

4. Agriculture minister strongly defends the two farm sector reform Bills, 17 Sept 2020, Economic Times

Category: India (Delhi)