USA

ရေနံစိမ်းပိုမိုတင်ပို့ခဲ့ပြီး တင်သွင်းမှုလျော့နည်းခဲ့သည့်အတွက် အမေရိကန်ကုန်သွယ်မှုလိုငွေပြမှုကျဆင်း

Last Updated:

အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေးသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၁၆.၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေပြမှု ၁.၇ ရာခိုင်နှုန်းလျှော့နည်းခဲ့ကာ ၂၀၁၃ ခုနှစ်ကတည်းက မထမဆုံးလျှော့နည်းခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်သန်းခေါင်စာရင်းဗျူရိုမှ ထုတ်ပြန်ချက်အရ သိရပါသည်။

အမေရိကန်နှင့်၎င်း၏ကုန်သွယ်ဖက်များအကြား ကုန်သွယ်ရေးဆောင်ရွက်မှုများအနက် ရေနံစိမ်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၇.၁ ဘီလီယံထိ မနှစ်ကထက် ၃၅.၅ ရာခိုင်နှုန်းတိုးမြှင့် တင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုလည်း သိသိသာသာ လျော့နည်းတင်သွင်းခဲ့သည့်အတွက် ကုန်သွယ်ရေးလိုငွေပြမှု လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။

ရေနံစိမ်းတင်ပို့မှုတွင် တောင်ကိုရီးယား၊ နယ်သာလန်၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့သို့ တင်ပို့မှု များခဲ့ပြီး ဆော်ဒီအာရေဘီးယား၊ ဗင်နီဇွဲလား၊ အီရတ်၊ မက္ကဆီကိုနှင့် အန်ဂိုလာ နိုင်ငံတို့မှလည်း ရေနံစိမ်းတင်သွင်းမှုလျော့နည်းခဲ့ပါသည်။

မော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ခရီးသည်တင်ကားတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရှိပြီး တင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံရှိခဲ့‌ကြောင်း၊ ထရပ်ကားနှင့်ဘတ်စ်ကား တင်သွင်းမှု အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံရှိခဲ့ပြီး တင်ပို့မှု အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရှိခဲ့ကြောင်း၊ မော်တော်ယာဉ်တင်ပို့ / တင်သွင်းမှု နှစ်မျိုးလုံး တိုးတက်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဆေးဝါးကုန်သွယ်မှုတွင် တင်ပို့မှု အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံနှင့် တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနှင့် တင်ပို့/တင်သွင်းမှု နှစ်ရပ်လုံး တိုးမြှင့် ဆောင်ရွက်ခဲ့ပါသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၉ ခုနှစ်တွင် ပြောင်းထွက်ရှိမှု ကျဆင်းခဲ့သဖြင့် ပြောင်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံထိ ဆောင်ရွက်ခဲ့ပြီး မနှစ်ကထက် ၃၆.၅ ရာခိုင်နှုန်း လျှော့နည်းဆောင်ရွက်ခဲ့ပါသည်။ တင်ပို့မှု တန်ချိန်လျှော့နည်းခဲ့သော်လည်း မနှစ်ကထက် ပြောင်းဈေးပိုမိုရရှိခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်နိုင်ငံ)

 https://www.census.gov/library/stories/2020/02/new-annual-data-show-first-trade-deficit-decrease-since-2013.html

Category: USA