India (Delhi)

မိုဇမ်ဘစ်နိုင်ငံမှ ပဲများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တင်သွင်းရာ၌ အိန္ဒိယအစိုးရက စည်းကမ်းချက်များ သတ်မှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံအစိုးရသည် အာဖရိကဒေသရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်သည့် မိုဇမ်ဘစ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ပဲမျိုးစုံ ဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅ နှစ် တာသက်တမ်းရှိသော ၎င်းနားလည်မှုစာချွန်လွှာအရ ပဉ္စမမြောက်နှစ်ဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိုဇမ်ဘစ်နိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနှင့် အခြားပဲများ စုစုပေါင်းတန်ချိန် ၂ သိန်းကို တင်သွင်းမည်ဖြစ်ပါ သည်။

ယခုအခါ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁.၆.၂၀၂၀ နေ့၌ ကုန်သွယ်ရေးအသိပေးချက် No. 13/ 2020-2021 ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် မိုဇမ်ဘစ်နိုင်ငံထံမှ အဆိုပါ ပဲစင်းငုံနှင့် အခြားပဲများ တန်ချိန် ၂ သိန်းအား အိန္ဒိယနိုင်ငံသို့ တင်သွင်းရာ၌ အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်-

(က)    ပဲများအား Mumbai, Tuticorin, Chennai, Kolkata, Hazira ဆိပ်ကမ်း ၅ ခုမှသာ တင်သွင်းရန်၊

(ခ) တင်သွင်းလာမည့် ပဲများ၏ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin - COO) အား မိုဇမ်ဘစ် နိုင်ငံအစိုးရမှ ထုတ်ပေးသည့် တံဆိပ်အမှတ်အသားခတ်နှိပ်မှုနှင့် အတူ သက်ဆိုင်ရာ မိုဇမ်ဘစ်အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ICM ဌာနမှ တာဝန်ရှိသူ၏ လက်မှတ်ရေးထိုးမှုပါရှိရမည်ဖြစ်ပြီး အထက်ပါ ဆိပ်ကမ်းများရှိ သက်ဆိုင်ရာအကောက်ခွန် ဌာနနှင့် အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) တို့ထံ မိတ္တူပေးပို့ရန်၊

(ဂ) ပဲတင်ပို့သည့် မိုဇမ်ဘစ်ပို့ကုန်လုပ်ငန်းရှင်၊ အိန္ဒိယနိုင်ငံဘက်မှ သွင်းကုန်လုပ်ငန်းရှင်နှင့် တင်ပို့သည့်ပဲတန်ချိန် ပမာဏ စသည့်အချက်များနှင့်အတူ အဆိုပါ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်၏ ဓာတ်ပုံမိတ္တူအား မူလထုတ်ပေးသည့် မိုဇမ်ဘစ်အာဏာပိုင်အဖွဲ့အစည်းထံမှ အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံသို့ သတ်မှတ်ထားသည့် အီးမေးလ် လိပ်စာမှတစ်ဆင့် တိုက်ရိုက်ပေးပို့ရန်၊

(ဃ) အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းစဉ်အတွက် ကန့်ကွက်ရန် မရှိ ကြောင်း လက်မှတ် (NOC) လျှောက်ထားရာ၌ အထက် အပိုဒ်ခွဲ (ဂ) ပါ လုပ်ငန်းစဉ်ကဲ့သို့ COO ဓာတ်ပုံမိတ္တူအား DGFT သို့ သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာမှတစ်ဆင့် ပေးပို့ရန်။

သို့ဖြစ်ရာ အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ မိုဇမ်ဘစ်နိုင်ငံ ထံမှ ပဲစင်းငုံနှင့် အခြားပဲများ တန်ချိန် ၂ သိန်းအား တင်သွင်းရာ၌ အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်မှ တင်ပြသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ဓာတ်ပုံမိတ္တူအား သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်အဖွဲ့အစည်းမှ တိုက်ရိုက်ပေးပို့သည့် အလားတူမိတ္တူ နှင့် တိုက်ဆိုင်စစ်‌ဆေးပြီးမှသာလျှင် ကန့်ကွက်ရန်မရှိကြောင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာဆိပ်ကမ်းရှိ အကောက်ခွန်ဌာနသည်လည်း DGFT ၏ ခွင့်ပြုချက်ရရှိမှသာ ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်း စဉ်များအား ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Trade Notice No. 13/ 2020-2021 dated 1st Jun 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Category: India (Delhi)