Singapore

မလေးရှားနိုင်ငံ၏ ခရီးသွားလာရေးကန့်သတ်ချက်ကြောင့် အခက်အခဲရှိသောလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးမည်

Last Updated:

နိုင်ငံတွင်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် မလေးရှားနိုင်ငံသားအားလုံး မလေးရှားနိုင်ငံတွင်းမှ ထွက်ခွာခြင်းနှင့် နိုင်ငံခြားသား များဝင်ရောက်လာခြင်းတို့ကို ၁၈ - ၃ - ၂၀၂၀ ရက်နေ့မှ ၃၁ - ၃ - ၂၀၂၀ ရက်နေ့အထိ တားမြစ်မည်ဖြစ်ကြောင်း တနင်္လာနေ့ညပိုင်းတွင် မလေးရှားနိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါခရီးသွားလာရေးကန့်သတ်ချက်ကြောင့် စင်ကာပူနှင့်ထိုင်းနိုင်ငံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မလေးရှားနိုင်ငံသားများအပေါ် သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း ပြောကြား ထားပြီး၊ မလေးရှားနှင့် စင်ကာပူနိုင်ငံနယ်စပ်အကြားနေ့စဉ် ဖြတ်သန်းသွား လာသူ ၃ သိန်းခန့်ရှိကြောင်း  ဖော်ပြထားပါသည်။

ဤကာလအတွင်း စင်ကာပူရှိ လုပ်ငန်းများအနေဖြင့် မလေးရှားမှ လာရောက်လုပ်ကိုင် နေကြသော ၎င်းတို့၏ လုပ်သားများကို စင်ကာပူတွင် နေထိုင်စေလိုပါက ကာလတို နေရေးထိုင်ရေး အဆင်ပြေနိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ ပထမဦးစွာ လုပ်သားများအနေဖြင့်လည်း ၎င်းတို့ အတွက် နေရာထိုင်ခင်းပေးနိုင်သော လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုများနှင့် နေထိုင်နိုင်ရန် ကြိုးစား ဆောင်ရွက်သင့်ပြီး ထိုသို့မဆောင်ရွက်နိုင်ပါက အဆောင်များနှင့် ဟိုတယ်များတွင် တည်းခိုနေထိုင် နိုင်ကြောင်း၊ ယာယီအစီအစဉ်အနေဖြင့် အဆိုပါလုပ်သားတစ်ဦးချင်းအတွက် တစ်ညလျှင် စင်ကာပူ ဒေါ်လာ ၅၀ နှုန်းဖြင့် ၁၄ ရက်စာကို လုပ်ငန်းရှင်များသို့ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ လုပ်ငန်းများအနေဖြင့်လည်း ကျန်ကုန်ကျစရိတ်များကို ကျခံဆောင်ရွက်လျက်ရှိသဖြင့် ကျေးဇူးတင်ကြောင်း စင်ကာပူ လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ခရီးသွားလာမှုအပေါ် ကန့်သတ်လိုက်သော်လည်း နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုကိုမူ ဆက်လက်ဆောင်ရွက်သွားမည်ဟု မလေးရှားနိုင်ငံဘက်မှ အခိုင်အမာပြောကြားထားကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားထားပြီး၊ မလေးရှားဘက်မှ တင်သွင်းသောကုန်ပစ္စည်းများ ပြတ်တောက်မှုအခြေအနေ ဖြစ်ပေါ်လာပါကလည်း သိုလှောင်ထားသော ကုန်ပစ္စည်း လက်ကျန်များ၊ ပြည်တွင်းထုတ်လုပ်မှုနှင့် အခြားပြည်ပရင်းမြစ်များမှ ဝယ်ယူတင်သွင်းခြင်းတို့ဖြင့် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးကလည်း ပြောကြားထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Channel News Asia

        

Category: Singapore