China(Nanning)

မတ်လ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ကမ္ဘာ့ကုန်စည်ဈေးနှုန်း အတက်အကျများနှင့် တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ

Last Updated:

မတ်လ (၁၅)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများက စီးပွားရေးကို စေ့ဆော်ပေးသည့် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ US Federal Reserve မှ ဖယ်ဒရယ်ရန်ပုံငွေနှုန်းကို လျှော့ချလိုက်သည့်အခါ မတ်လ (၁၅) ရက်နေ့ ညနေပိုင်းတွင် ဒေါ်လာအညွှန်းကိန်းမှာ (၉၇.၇၅)သို့ (၁) ရာခိုင်နှုန်း နီးပါးကျဆင်းသွားခဲ့ပါသည်။  ထို့နောက် ရင်းနှီးမြှုပ်နှံသူများက ငွေချေးစာချုပ်များနှင့်  အစုရှယ်ယာများကို ထုတ်ရောင်းကာ ငွေကြေးပိုမိုကိုင်ဆောင်လာကြသဖြင့် ဒေါ်လာအညွှန်းကိန်း မှာ မတ်လ (၁၇)ရက်နေ့တွင် (၁.၇၅)ရာခိုင်နှုန်းတက်လာကာ (၁၀၃)အထိ ရောက်ရှိခဲ့သည်ကို တွေ့ရပါသည်။ ၎င်းအဆင့်မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်အခြေအနေ

မတ်လ (၁၆) ရက်နေ့ နံနက်ပိုင်း၌ ရေနံစိမ်းဈေးနှုန်းများမှာလည်း အမေရိကန် ရေနံစိမ်းကတစ်စည်လျှင် (၁.၇) ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ (၃၁.၅၈) သို့လည်းကောင်း၊ Brent ရေနံစိမ်းက တစ်စည်လျှင် (၃) ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ (၃၂.၈၃) သို့လည်းကောင်း ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၀.၈၆၅၆) အထိ ကျဆင်းသွားကာ (၁၁) နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်နေပါသည်။ ရုရှနှင့် ဆော်ဒီတို့၏ ရေနံထုတ်လုပ်မှုအပေါ် တင်းမာမှုကြောင့် အမေရိကန်၏  ဖွံ့ဖြိုးလာနေသောရေနံထုတ်လုပ်မှုကဏ္ဍအား သက်ရောက်မှုဖြစ်ပေါ်လျက်ရှိပါသည်။ ၎င်းတင်းမာမှု ကြောင့် အမေရိကန်၏ အဓိကရေနံထုတ်လုပ်နေသူများအပေါ် ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေ လျက်ရှိကာ၊ အစုရှယ်ယာဈေးကွက်အား ပြိုလဲစေသည့် ဖိအားများ အား ပိုမိုဆိုးရွားလာစေလျက်ရှိပါသည်။

ကမ္ဘာ့ရွှေဈေး အနေအထား

ဤကာလတွင် ရွှေသတ္ထုနှင့် ငွေသတ္ထုဈေးနှုန်းမှာလည်း အတက်အကျလှုပ်ခတ်မှု များ ရှိလာခဲ့ပါသည်။ တနင်္လာနေ့နံနက်ပိုင်း၌ ရွှေသတ္ထုမှာ တစ်အောင်စလျှင် (၂)ရာခိုင်နှုန်း နီးပါးတက်သွားကာ အမေရိကန်ဒေါ်လာ (၁၅၄၇)ထိလည်းကောင်း၊ ငွေသတ္ထုမှာ တစ်အောင်စလျှင် (၁.၅) ရာခိုင်နှုန်းတက်လာကာ   (၁၄.၇၂) ဒေါ်လာ ထိလည်းကောင်း ရောက်ခဲ့ပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများက ငွေသားဖြင့် လဲလှယ်လာကြပြီး ဉရောပဗဟိုဘဏ်က မတ်လ (၁၈) ရက်နေ့၌ ယူရို (၇၅၀) ဘီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်အရေးပေါ်ဝယ်ယူမှုကြောင့်သဖြင့် မတ်လ (၁၉) ရက်နေ့ နံနက်အစောပိုင်း၌ ရွှေဈေးနှုန်း တစ်အောင်စလျှင် (၀.၃) ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ (၁၄၇၄) သို့ လည်းကောင်း၊  ငွေသတ္ထုမှာ တစ်အောင်စလျှင် (၁.၇)ရာခိုင်နှုန်း ကျဆင်းကာ   (၁၁.၉၈) ဒေါ်လာသို့ လည်းကောင်း ပြန်လည်ကျဆင်းသွားသည်ကို တွေ့ရပါသည်။ မတ်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင်မူ ရွှေသတ္ထုမှာ တစ်အောင်စလျှင် (၁.၀၅) ရာခိုင်နှုန်းနီးပါး ပြန် လည်တက်ကာ အမေရိကန်ဒေါ်လာ (၁၄၈၅.၂၅) ထိ လည်းကောင်း၊ ငွေသတ္ထုမှာ တစ်အောင်စလျှင် (၃.၆၅)ရာခိုင်နှုန်းပြန်လည်တက်လာကာ (၁၂.၅၈) ဒေါ်လာ အထိလည်းကောင်း ရှိလာပြန်သည်ကို လေ့လာတွေ့ရှိပါသည်။

ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်းများ အခြေအနေ

မတ်လ (၂၀) ရက်နေ့ရှိ စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးနှုန်းများ အခြေအနေကို တစ်ဖက်ဖော်ပြပါဇယားတွင် တွေ့မြင်နိုင်ပါသည်။ ယခုမတ်လ တတိယပတ် အတွင်း ကုန်ပစ္စည်းများအနက် လက်ဖက်ဈေးနှုန်းမှာ (၂၉.၄၈)ရာခိုင်နှုန်းတက်ခဲ့ပြီး ဈေးနှုန်း အများဆုံးမြင့်တက်ခဲ့သည့်ကုန်ပစ္စည်းဖြစ်သည်ကို တွေ့ရပါသည်။ လက်ဖက်၏ နောက်တွင် ကော်ဖီ (၆.၈၇ ရာခိုင်နှုန်း)၊ ဆန် (၆.၁၄ ရာခိုင်နှုန်း)၊ ဂျုံ (၄.၄၆ ရာခိုင်နှုန်း)၊ အုတ်ဂျုံ (၂.၆၄ ရာခိုင်နှုန်း)၊ ပန်းနှမ်း (၂.၃၁ ရာခိုင်နှုန်း)၊ လိမ္မော်ရည် (၂.၂၇ ရာခိုင်နှုန်း)၊ ပဲပုတ် (၁.၃၉ ရာခိုင် နှုန်း) ဈေးနှုန်းတက်ခဲ့သည်ကို လေ့လာတွေ့ရှိပါသည်။

တရုတ်နိုင်ငံ၏ လတ်တလော စီးပွားရေးအခြေအနေ

လာမည့် ဒုတိယ (၃) လပတ်အကုန် ဇွန်လတွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက် မှုနှုန်းမှာ ဆက်လက်ကျဆင်းနိုင်သော်လည်း ယခုနှစ် စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို ပြည့်မည်နိုင်မည်ဟု မျှော်လင့်ထားဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ စာရင်းအင်း ဗျူရိုက ခန့်မှန်းပြောကြားထားပါသည်။ ဖေဖော်ဝါရီလ အတွင်း အလုပ်လက်မဲ့နှုန်း (၆.၂)ရာခိုင်နှုန်း ရှိခဲ့ကာ၊ ဒီဇင်ဘာလကရှိခဲ့သည့် (၅.၂) ရာခိုင်နှုန်းထက် မြင့်မားခဲ့သော် လည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင် သည်နှင့်အမျှ ၎င်းနှုန်းမှာ လျော့နည်းဖွယ် ရှိကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမ (၂) လအတွင်း တရုတ်နိုင်ငံ၏ စက်မှုထွက်ကုန်ပစ္စည်းများ ထုတ်လုပ် မှုမှာ (၁၃.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကာ ၁၉၉၀ ပြည့်နှစ် အစောပိုင်းနှစ်များမှစ၍ ပထမဆုံး အကြိမ်ကျဆင်းခြင်းဖြစ်ပါသည်။  ထုတ်လုပ်မှုတွင် (-၁၅.၇) ရာခိုင်နှုန်း၊ ဝန်ဆောင်မှုတွင်   (-၇.၁)ရာခိုင်နှုန်းနှင့် သတ္ထုတူးဖော်ရေးတွင် (-၆.၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကာ၊ မော်တော်ယာဉ် ထုတ်လုပ်မှုတွင် (-၃၁.၈) ရာခိုင်နှုန်း၊  အထွေထွေအစိတ်အပိုင်းထုတ်လုပ်မှုတွင် (-၂၈.၂) ရာခိုင်နှုန်း၊ မီးရထားလမ်းနှင့် သယ်ယူ ပို့ဆောင်ရေးကိရိယာတန်ဆာပလာများ ထုတ်လုပ်မှုတွင် (-၂၈.၂) ရာခိုင်နှုန်း၊ အထည်အလိပ်ထုတ်လုပ်မှုတွင် (-၂၇.၂) ရာခိုင်နှုန်း၊  သတ္ထုထုတ်လုပ်မှုတွင် (-၂၆.၉) ရာခိုင်နှုန်း၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ ထုတ်လုပ်မှုတွင် (-၂၄.၇) ရာခိုင်နှုန်း၊ သတ္ထုမဟုတ်သည့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင် (-၂၁.၂) ရာခိုင်နှုန်း၊ စားသောက်ကုန်ထုတ်လုပ်မှုတွင် (-၁၈.၂) ရာခိုင်နှုန်း၊ ကွန်ပျူတာနှင့် ဆက်သွယ် ရေးပစ္စည်းများ ထုတ်လုပ်မှုတွင် (-၁၃.၈) ရာခိုင်နှုန်း၊ ဓာတုပစ္စည်းများ ထုတ်လုပ်မှုတွင် (-၁၂.၃) ရာခိုင်နှုန်း နှင့် လျှပ်စစ်ထုတ်လုပ်မှုတွင် (-၇.၃) ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။  သို့ရာတွင်  ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ် မှု၌ (၂.၁) ရာခိုင်နှုန်းနှင့် ဆေးရွက်ကြီးမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်မှုတွင် (၆.၉) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်း၌ Shanghai Composite indexသည် (၉)ပွိုင့် ကျဆင်းခဲ့ကာ (၂၈၇၈)သို့ ရောက်ရှိခဲ့သည်ကို တွေ့ရပါသည်။ သို့ရာတွင် စီးပွားရေးကို စေ့ဆော်ပေးမည့် ယွမ်ငွေထရီလီယံများစွာ ထည့်သွင်းရန် တရုတ်က ဆောင်ရွက်လိုက် ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် မတ်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် Shanghai Composite indexမှာ (၂၆)ပွိုင့် ခုန်တက်ကာ (၂၇၉၀)သို့ ပြန်လည် ရောက်ရှိလာခဲ့ပါသည်။  ထိုကဲ့သို့ တရုတ်အစိုးရက ငွေကြေး ထည့်သွင်းပေးမည့် ရည်ရွယ်ချက်မှာ ယွမ်ငွေ (၂.၈) ထရီလီယံတန်ဖိုးရှိ  ပြည်နယ်အစိုးရ အထူးငွေချေးစာချုပ်များဖြင့် ကျောထောက်နောက်ခံပြုပေးမည့် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို လှုံ့ဆော်အားပေးရန်ဖြစ်ပါသည်။ 

၂၀၂၀ ခုနှစ်၊ ပထမနှစ်လ အတွင်း လက်လီကုန်သွယ်ရေးမှာလည်း ယမန်နှစ်က ထက် (၂၀.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကာ တရုတ်၏ ပုံသေပစ္စည်းများတွင် ရင်းနှီးမြှုပ် နှံမှုမှာလည်း ယခင်နှစ်ကထက် (၂၄.၅) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။  လက်လီကုန်သွယ်ရေးမှာ နှစ်ပေါင်း (၃၀)အတွင်း တောက်လျှောက်ကျဆင်းခြင်းဖြစ်ပြီး၊ အသေးစိတ်အားဖြင့် အဝတ်အထည် ရောင်းချမှုတွင် (-၃၀.၉) ရာခိုင်နှုန်း (ဒီဇင်ဘာလအတွင်းက +၁.၉ ရာခိုင်နှုန်း)၊ အလှကုန် ရောင်းချမှုတွင်  (၁၁.၉) ရာခိုင်နှုန်း (ဒီဇင်ဘာလ အတွင်းက ၁၆.၈ ရာခိုင်နှုန်း)၊ လက်ဝတ် ရတနာ ရောင်းချမှုတွင် (-၄၁.၁) ရာခိုင်နှုန်း (ဒီဇင်ဘာလအတွင်းက -၃.၇ ရာခိုင်နှုန်း)၊ တကိုယ်ရေသုံး ပစ္စည်းများရောင်းချမှုတွင် (-၆.၆) ရာခိုင်နှုန်း (ဒီဇင်ဘာလ အတွင်းက +၁၃.၉ ရာခိုင်နှုန်း)၊ အိမ်အသုံးအဆောင်များရောင်းချမှုတွင် (-၃၀)ရာခိုင်နှုန်း (ဒီဇင်ဘာလ အတွင်းက +၂.၇ ရာခိုင်နှုန်း)၊ ရုံးအသုံးအဆောင်များရောင်းချမှုတွင် (-၈.၉) ရာခိုင်နှုန်း (ဒီဇင်ဘာ လအတွင်းက -၁၁.၅ ရာခိုင်နှုန်း)၊ ပရိဘောဂရောင်းချမှုတွင် (-၃၃.၅) ရာခိုင်နှုန်း (ဒီဇင် ဘာလအတွင်းက +၁.၅ရာခိုင်နှုန်း)၊ ဆက်သွယ်ရေးပစ္စည်းများ ရောင်းချမှုတွင် (-၈.၈) ရာခိုင် နှုန်း (ဒီဇင်ဘာလအတွင်းက +၈.၈ ရာခိုင်နှုန်း)၊ လောင်စာဆီရောင်းချမှုတွင် (-၂၆.၂) ရာခိုင် နှုန်း (ဒီဇင်ဘာလအတွင်းက +၄ ရာခိုင်နှုန်း)၊ မော်တော်ယာဉ်ရောင်းချမှုတွင် (-၃၇) ရာခိုင် နှုန်း (ဒီဇင်ဘာလအတွင်းက +၁.၈ ရာခိုင်နှုန်း)နှင့် ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချမှုတွင် (-၃၀.၅) ရာခိုင်နှုန်း (ဒီဇင်ဘာလအတွင်းက +၀.၆ရာခိုင်နှုန်း)အသီးသီး ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် နှစ်ပေါင်း (၃၀)အတွင်း တရုတ်နိုင်ငံ၏ ပုံသေပိုင်ဆိုင်မှုပစ္စည်းများတွင် ရင်းနှီး မြှုပ်နှံမှုကလည်း ကျုံ့လာခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ပထမ (၂) လအတွင်း ယမန်နှစ်ကထက် (၂၄.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကာ ပမာဏအားဖြင့် ယွမ်ငွေ (၀.၃၃) ထရီလီယံခန့် ရှိပါသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွင် (၂၆.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကာ၊ အစိုးရရင်းနှီးမြှုပ်နှံမှုတွင် (၂၃.၁) ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။  အဆင့်မြင့်နည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု (၂၈.၂)ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုကဏ္ဍ၌ (၂၇.၅) ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ၌ (၂၃) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ပါသည်။  စိုက်ပျိုးရေးကဏ္ဍတွင် (-၂၄.၇) ရာခိုင်နှုန်းကျဆင်းခဲ့ကာ ၎င်းကဏ္ဍအပါအဝင် အခြေခံ လုပ်ငန်းကဏ္ဍတစ်ခုလုံးတွင် (၂၅.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပါသည် ။  ထုတ်လုပ်မှု ကဏ္ဍတွင် (-၃၁.၅)ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် (-၆.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကာ၊ ၎င်းကဏ္ဍများအပါအဝင်  ကုန်ချောထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး၌ (၂၈.၂) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဘဏ်၊ စားသောက်ဆိုင်၊ ကျောင်းစသည့်လုပ်ငန်းများပါဝင်သည့် လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးတွင် (၂၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊  ၎င်းအောက်၌ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ချောပို့လုပ်ငန်းတွင် (-၃၀.၁) ရာခိုင်နှုန်း၊ ရေပေးဝေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ အသုံးအဆောင်လုပ်ငန်းများတွင် (၂.၉)ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံ၏ မြို့ကြီး (၇၀)၌ အိုးအိမ်အသစ် ပျမ်းမျှဈေးနှုန်းများမှာ ယမန်နှစ်ကထက် (၅.၈)ရာခိုင်နှုန်းတက်လာခဲ့သော်လည်း ၊ ဇန်နဝါရီ လအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှတိုးတက်မှုနှုန်း (၆.၃)ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်မူ နှေးကွေးခဲ့သည်ကို တွေ့ရပါသည်။ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့ သည့်နှုန်းမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှစ၍ တက်လာခဲ့သော အိုးအိမ်အသစ်ဈေးနှုန်းများအနက် အနှေးကွေးဆုံးနှုန်းထားဖြစ်ပါသည်။  တရုတ်၏ အကြီးဆုံးမြို့တော် များအနက် ချုံချင်းမြို့တွင် ဖေဖော်ဝါရီလအတွင်း တိုးတက်မှုနှုန်း (၆.၅) ရာခိုင်နှုန်း (ဇန်နဝါရီလအတွင်း ၇.၅ ရာခိုင်နှုန်း)၊  ရှန်းကျန့်မြို့တွင်  (၄.၃) ရာခိုင်နှုန်း (ဇန်နဝါရီလအတွင်း ၄.၃ ရာခိုင်နှုန်း)၊ ကွမ်ကျိုးမြို့တွင် (၃) ရာခိုင်နှုန်း (ဇန်နဝါရီလအတွင်း ၄.၂ ရာခိုင်နှုန်း)၊ ဘေကျင်းမြို့တွင် (၄.၄) ရာခိုင်နှုန်း (ဇန်နဝါရီလအတွင်း ၄.၁ ရာခိုင်နှုန်း)၊ တီရန်ကျင်းမြို့တွင် (၀.၅) ရာခိုင်နှုန်း (ဇန်နဝါရီလ အတွင်း ၁.၃ ရာခိုင်နှုန်း) အသီးသီးရှိခဲ့သည်ကို တွေ့ရပါသည်။ လအလိုက် အနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း အိုးအိမ်ဈေးနှုန်းများမှာ ဇန်နဝါရီလတွင် (၀.၂) ရာခိုင်နှုန်းတက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလအတွင်း တန့်နေခဲ့သည်ကို တွေ့ရကာ၊ (၅) နှစ်နီးပါး၌ ပထမ ဆုံးအကြိမ် ဖြစ်ခဲ့သည်ကို တွေ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ tradingeconomics.com

Category: China(Nanning)