India (Delhi)

ပြည်ပကုန်သွယ်မှုစာချုပ်များမှ နှုတ်ထွက်နိုင်ရေး အိန္ဒိယကုမ္ပဏီအချို့ နည်းလမ်းရှာဖွေခြင်း

Last Updated:

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် အိန္ဒိယနိုင်ငံရှိ ကုန်ထုတ် လုပ်ငန်းနယ်ပယ်အချို့တွင် သွင်းအားစုကွင်းဆက် ပုံပျက် ယွင်းလျက် ကုန်ကြမ်းပြတ်လပ်မှုများ ဖြစ်ပေါ်ခြင်း၊ စားသုံးမှုအားထိခိုက်ခြင်း၊ ကြိုတင်သဘောတူညီထားသည့် သတ်မှတ်ကာလအမီ ကုန်စည်များ ရောက်ရှိပေးပို့နိုင်မှု မရှိခြင်းစသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိပါသည်။

အိန္ဒိယနိုင်ငံရှိ ဥပဒေရေးရာနှင့် အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှ ပြောဆိုမှုများအရ ကိုရိုနာဗိုင်းရပ်စ်ဂယက်ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ် ဆောင်မှုများ ပျက်ယွင်းလာချိန်၌ လွန်ခဲ့သော ရက်သတ္တနှစ်ပတ်ကာလအတွင်း ကုန်ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်မှ အချို့သော အိန္ဒိယကုမ္ပဏီများသည် ပြည်ပကုန်သည်များနှင့် ချုပ်ဆိုထားရှိသည့် အရောင်းအဝယ်စာချုပ်များ၌ ဖော်ပြပါရှိသော မလွန်ဆန်နိုင်သည့် အကြောင်း တရားများ (force majeure clause) ဟူသည့်အချက်အား အကိုးအကားပြုလျက် ၎င်းတို့၏ သက်တမ်းကြာရှည်ပြီဖြစ်သော စာချုပ်များအပေါ် ပြန်လည်သုံးသပ်၍ လျော်ကြေးပေးဆောင်ရခြင်းမရှိပဲ ၎င်းစာချုပ်များအား ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ၎င်းတို့အနေဖြင့် သင့်တင့်မျှတမှုမရှိဟု ယူဆသည့် စာချုပ် များမှ နှုတ်ထွက်နိုင်ရေးဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်နိုင်မည့် နည်းလမ်းများအား ရှာဖွေလာကြကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများစွာသည် တရုတ်နိုင်ငံမှ တင်သွင်းရယူသည့် ကုန်ကြမ်းပစ္စည်းများအပေါ် အမှီပြုနေရပြီး အထူးသဖြင့် ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများ၊ သမားရိုးကျနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ စက်ကိရိယာထုတ်လုပ်မှုလုပ်ငန်းများ၊ အီလက်ထရွန်းနစ်နှင့် ဓါတုပစ္စည်း ကုမ္ပဏီလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရန်အတွက် ခန့်မှန်းမရနိုင်သည့် နှောင့်နှေးကြန့်ကြာမှုများနှင့် သွင်းအားစုကွင်းဆက် ပျက်ယွင်း မှုများကို ကြုံတွေ့ရလျက်ရှိပါသည်။

အဆိုပါ အိန္ဒိယကုမ္ပဏီများအတွက် အတိုင်ပင်ခံဝန်ဆောင်မှုပေးလျက်ရှိသော ဥပဒေအကျိုးဆောင်လုပ်ငန်းအချို့က ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံရှိ သွင်းအားစုပံ့ပိုးသည့် ကုမ္ပဏီများထံသို့ အသိပေးနှိုးဆော်စာများကို အမှုသည်များ ကိုယ်စား အကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း မည်သည့်အကြောင်း ပြန်ကြားချက်မျှ လက်ခံရရှိခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ပြည်ပကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့်စာချုပ်များအား ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန် သုံးသပ်လာကြ ကြောင်း၊ ယခုအခြေအနေတွင် ကုမ္ပဏီအချို့သည် စာချုပ်ပါ မလွန်ဆန်နိုင်သည့်အကြောင်းများဟူသည့် ဖေါ်ပြချက်ကို လွဲမှားစွာ အသုံးပြုလျက်စာချုပ်မှ နှုတ်ထွက်ခြင်း၊ မရိုးဖြောင့်သောသဘောဖြင့် စာချုပ်များပြင်ဆင်ခြင်းတို့ကိုလည်း လုပ်ဆောင်လာနိုင်ဖွယ်ရာရှိကြောင်း၊ မလွှဲရှောင်သာသည့် အငြင်းပွားမှုကိစ္စရပ်များပေါ်ပေါက်လာပါက စာချုပ်ပါစည်းကမ်းချက်များ၊ အသိပေးနှိုးဆော်မှုများ၊ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင် ကြောင်းကို ကိုးကားဖေါ်ပြရမည့်အချက်များ၊ လိုအပ်သောလုပ်ငန်းစဉ်များအား လုပ်ဆောင်ထားရှိပြီးဖြစ်ကြောင်း သက်သေပြချက်များစသည့် များစွာသောအကြောင်းအချက်များအပေါ် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုကြပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအပေါ် မလွန်ဆန်နိုင်သည့်အကြောင်းအရ စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သက်သေခံလက်မှတ် (force majeure certificates) ၄၈၁၁ စောင်ကို ပြည်တွင်းရှိကုမ္ပဏီများသို့ ထုတ်ပေးခဲ့သည်ဟု တရုတ်နိုင်ငံရှိ ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (Council for the Promotion of International Trade) က ၃.၃.၂၀၂၀ နေ့တွင်  ပြောဆိုခဲ့ကြောင်း အိန္ဒိယ Economic Times သတင်းဌာနမှ ရေးသားဖေါ်ပြပါ သည်။ အဆိုပါစာချုပ်များ၏ စုစုပေါင်းလုပ်ငန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၃.၇၉ ဘီလီ ယံခန့်ရှိပြီး ယင်းသို့သော သက်သေခံလက်မှတ်ထုတ်ပေးမှုမှာ ပိုမိုများပြားလာဖွယ်ရှိကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Covid-19: Companies look for ways to exit pacts, 18 March 2020, Economic Times

Category: India (Delhi)