Singapore

ပြည်တွင်း၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စင်ကာပူဒေါ်လာ ၅၅ သန်းကျော်ဖြင့် ဆက်လက်ထောက်ပံ့သွားမည်

Last Updated:

ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ Enterprise Singaproe (ESG) သည် စင်ကာပူနိုင်ငံရှိ ပြည်တွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ၎င်းလုပ်ငန်းများက အထွက်နှုန်းမြင့်မားပြီး သွင်းအားစုများကို အကောင်းဆုံးအသုံးချနိုင် သော နည်းပညာနှင့် တီထွင်ဆန်းသစ်မှုစွမ်းရည်များကို ပိုမိုအသုံးပြု ဆောင်ရွက်လာကြရန် စင်ကာပူဒေါ်လာ ၅၅ သန်းကျော်ဖြင့် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ဤငွေကြေးထောက်ပံ့မှုအစီအစဉ်သည် ၂၀၃၀ ခုနှစ်ခန့်တွင် ပြည်တွင်းစားနပ်ရိက္ခာ လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းအထိကို ပြည်တွင်းမှာပင် ထုတ်လုပ်သွားနိုင်ရေး ရည်မှန်းချက် (30 by 30 goal) ကို ပြည့်မီစေရန်အတွက် ပံ့ပိုးပေးသည့်အစီအစဉ်များအနက်မှ တစ်ခုဖြစ် ပြီး၊ ကိုဗစ် ၁၉ ကဲ့သို့သောအခြေအနေကြောင့် အဆိုပါ ရည်မှန်းချက်ပြည့်မီစေရေး ပိုမိုအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို နည်းပညာအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်လာမည့်နယ်ပယ်တစ်ခုဖြစ်ပြီး၊ အလုပ်အကိုင်များလည်း ဖန်တီးပေးလာနိုင်မည်ဖြစ်သောကြောင့် ဂေဟစနစ်တစ်ခုလုံးဖွံ့ဖြိုး တိုးတက်လာစေရေး ဆက်လက်ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ Senior Minister of State ဖြစ်သူ Dr Koh က ပြောကြားခဲ့ပါသည်။

ထိုသို့ အစိုးရ၏ အထောက်အပံ့များရရှိနေသော Singrow ကုမ္ပဏီသည် တစ်နှစ်လျှင် စတော်ဘယ်ရီသီး တန်ချိန် ၈ တန်အထိ စိုက်ပျိုးထုတ်လုပ်နိုင်မည့် ၅၀၀ စတုရန်း မီတာအကျယ်နှင့် ၆.၅ မီတာအမြင့်ရှိသော မိုးလုံလေလုံစိုက်ခင်း (Indoor Farm) ကို တည်ထောင် ထားပါသည်။ အဆိုပါ စတော်ဘယ်ရီသီးအထွက်နှုန်းမှာ အရွယ်အစား တူညီသောစိုက်ခင်း တွင် ရိုးရာနည်းလမ်းအတိုင်းစိုက်ပျိုးမှုထက် အဆ ၂၀ ပိုမိုထွက်ရှိကြောင်း၊ Indoor Farm အတွင်း အလင်းရောင်ပေးခြင်း၊ အပူချိန်နှင့် အုန်းဆံမြေ ဆွေး၏ အက်ဆစ်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဒြပ်ပါဝင်မှုစသည့် ထိန်းချုပ်ထားသောပတ်ဝန်းကျင်ကြောင့် စတော်ဘယ်ရီသီးခူးဆွတ်ရန်အတွက် လိုအပ်သော အချိန်မှာလည်း ၃၀ ရာခိုင်နှုန်းအထိ သက်သာစေ ကြောင်း၊ သီးနှံဝတ်မှုန်ကူးခြင်းနှင့် ခူးဆွတ်မှုပြုလုပ်ခြင်းတို့ကို Artificial Intelligence နည်းပညာ အသုံးပြု၍ ဆောင်ရွက်လျက်ရှိကြောင်း၊ Singrow ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ပိုမိုအရွယ်အစားကြီးမားသော စိုက်ပျိုးရေးခြံများတည်ထောင်၍ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် စီစဉ်လျက်ရှိပြီး၊ အာဆီယံဒေသနှင့် တရုတ်နိုင်ငံများသို့ တိုးချဲ့ ဆောင်ရွက်သွားရန်လည်းရှိကြောင်း ဖော်ပြထားပါသည်။

ယခုနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို နည်းပညာအသုံးချ၍ စိုက်ပျိုး ထုတ်လုပ်သောလုပ်ငန်းများတွင် အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းတို့မှ စင်ကာပူဒေါ်လာ ၄၀ သန်း ခန့်အထိ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  Enterprise Singapore/ The Straits Times

Category: Singapore