Japan

ဒုတိယအကြိမ် အပိုဆောင်းဘတ်ဂျက်အား ဂျပန်အစိုးရက လွှတ်တော်သို့ တင်သွင်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှု ရင်ဆိုင်တုန့်ပြန်နိုင်ရန် ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ဒုတိယအကြိမ်မြောက် အပိုဆောင်းဘတ်ဂျက်အစီအစဉ်ကို ဂျပန် အစိုးရက ဇွန်လ ၈ ရက် နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၉၁ ဘီလီယံကျော် တန်ဖိုးရှိသည့်  စီးပွားရေးကဏ္ဍ အထောက်အပံ့ ပေးရေးဦးတည်သည့် အပိုဆောင်းဘတ်ဂျက်ကို လွှတ်တော်တွင် ဆွေးနွေးပြီး ယခုဇွန်လ ဒုတိယသီတင်းအပတ်အတွင်း အတည်ပြုပေးရန်ရှိကြောင်း မျှော်လင့်ထား ပါသည်။

အဆိုပါဘတ်ဂျက်တွင်  ကုသမှုဆိုင်ရာဆေးဝါးထုတ်လုပ်ရေးနှင့် ကျန်းမာရေးပြုစု စောင့်ရှောက်မှုစနစ်ကို ပံ့ပိုးပေးရေးအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား  အပိုဆုကြေးပေးမည့် အမေရိကန် ဒေါ်လာ၂၇.၃ ဘီလီယံ ပါဝင်ပါသည်။ အမေရိကန် ဒေါ်လာ ၁၈.၅ ဘီလီယံနီးပါးကို  ဝင်ငွေထိခိုက်နေရသည့် ကုမ္ပဏီများအတွက် နေရာငှားရမ်းခ ၆ လစာ၏ သုံးပုံနှစ်ပုံကို ထောက်ပံ့ပေးရန် အသုံးပြုမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရပါသည်။

အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံကို  အလုပ်မှ  အနားပေးခြင်းခံရသည့်  ဝန်ထမ်းများအတွက် ခံစားခွင့်အစိတ်အပိုင်းတစ်ရပ်အဖြစ် ပံ့ပိုးပေးရန် ပြင်ဆင်နေပြီး ဝန်ထမ်း တစ်ဦးစီအတွက် တစ်ရက်စာ ထောက်ပံ့မှုကို ၁၃၇ ဒေါ်လာခန့်အထိ တိုးမြှင့်ဆောင်ရွက် သွားရန်ဆောင်ရွက်နေပါပသည်။ ထိုဘတ် ဂျက်အစီအစဉ်တွင် ကုမ္ပဏီများ၏ အခြေခံဘဏ္ဍာရေးအင်အား ကောင်းမွန်လာစေရေးအပြင် လုပ်ငန်းများ ကျဆင်းခြင်းကြောင့် စိတ်ချလုံခြုံမှုမရှိဖြစ်ခြင်းကို  ပံပိုးပေးမည့် အတိုးမဲ့ချေးငွေအစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံ ပါဝင်ကြောင်း သိရပါသည်။

နိုင်ငံ၏ ဒေသများအတွင်း ပြန်လည်အားကောင်းရှင်သန်လာရေးအတွက် ပံ့ပိုးပေးမည့် ယာယီထောက်ပံ့ငွေကို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ တိုးမြှင့်ရန် ပြင်ဆင်နေပြီး ရောဂါကူးစက်မှု တားဆီးရေးဆောင်ရွက်ချက်များအတွက် သီးသန့်ရန်ပုံငွေကို ဒေါ်လာ ၉၁.၃ ဘီလီယံအထိ တိုးမြှင့်ရန်လည်း လျာထားကြောင်း သိရပါသည်။

၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကနဦးဘတ်ဂျက်နှင့် ပထမအကြိမ် အပိုဆောင်းဘတ်ဂျက်များ အပါအဝင် အစိုးရ၏ စုစုပေါင်း ငွေချေးစာချုပ်များ ထုတ်ဝေမှုသည် စံချိန်တင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၂၃ ဘီလီယံခန့် ရှိကာ  စုစုပေါင်းဘတ်ဂျက်၏  ၅၆ % ရှိကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan