China(Nanning)

ဒစ်ဂျစ်တယ်ငွေကြေးစတင်သုံးစွဲမှုကို ကူးစက်ရောဂါက တွန်းအားပေးသွားနိုင်

Last Updated:

ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားမှုက ပြည်သူများ၏ ငွေသားကိုင်တွယ်အသုံးပြုမှုထက် အီလက်ထရောနစ်ဖြင့် ငွေပေးချေမှုများအပေါ် ပိုမိုအားထားလာစေရန် ပြောင်းလဲပေးသွားနိုင်ကြောင်း၊ ၎င်းအခြေအနေမှာ တရုတ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသည့် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေမှုကို အရှိန်မြှင့်တင်သွား နိုင်ကြောင်း သုတေသီများ၏ ပြောကြားချက်အရ သိရပါသည်။

လက်ရှိအချိန်အထိ ကိုရိုနာကူးစက်ရောဂါပိုးမှာ လူအချင်းချင်းမျက်နှာချင်းဆိုင် တွေ့ဆုံရာမှ အသက်ရှူလမ်းကြောင်းအတွင်း ပိုးရောက်ရှိသွား၍ ဖြစ်ပွားရခြင်းဖြစ် သည်ဟု လက်ခံစဉ်းစားဆဲဖြစ်နေကြသော်လည်း ၊ ငွေစက္ကူနှင့် ငွေအကြွေများမှလည်း ကူးစက်နိုင်မည်ကို လူအများက ကြောက်ရွံ့နေကြပါသည်။ သို့ရာတွင် ထိုကဲ့ သို့သော ငွေစက္ကူနှင့် အကြွေများပေါ်၌ ရောဂါပိုး မည်မျှကြာကြာအသက်ရှင်နိုင်သည်ကို သိရှိခြင်းမရှိသေးပါ။

ငွေစက္ကူများ ပိုမိုသန့်ရှင်းစေရန်နှင့်  ငွေစက္ကူမှ ရောဂါကူးစက်နိုင်မှုကို လျှော့ချရန် တရုတ်နှစ်သစ်ကူးမတိုင်မီက ဟူပေပြည်နယ်၊ ဝူဟန်မြို့သို့ Bank of Chinaက ယွမ်ငွေ (၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇၂.၅ သန်း)တန်ဖိုးရှိ ငွေစက္ကူအသစ်များ ဖြန့်ဝေပေးခဲ့ပါသည်။ လက်ရှိအချိန်၌ရောဂါဖြစ်ပွားရာဒေသများအတွင်းနှင့် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ငွေစက္ကူများရွှေ့ပြောင်းခြင်းကိုမူ ခေတ္တဆိုင်းငံ့ထားပါသည်။

အကယ်၍ ကပ်ရောဂါပျောက်ကင်းချိန်သို့ ရောက်ရှိလျှင် ၎င်းဒေသများမှ ငွေစက္ကူများကို ခရမ်းလွန်ရောင်ခြည်ဖြင့် သို့မဟုတ် အပူချိန် မြင့်မြင့်ဖြင့် ပိုးသတ်သင့်ပြီး၊ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးခြင်းမပြုမီ (၁၄) ရက်ကျော်ခန့် သိမ်းဆည်းထားသင့် သည်ဟု Bank of China၏ ဥက္ကဌဟောင်း Li Lihui က မှတ်ချက်ပြု ပြောကြားထားပါသည်။ ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် တွန်းအားပေးနိုင်ကြောင်း၊ တရုတ်၏ ခေတ်မီအီလက်ထရောနစ် စနစ်ဖြင့် ငွေပေး သည့်နေရာများမှာ အတော်အတန်ခရီးရောက်နေပြီဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့ပါသည်။ လက်ရှိကပ်ရောဂါဖြစ်ပွားနေချိန်တွင်လည်း လူအများက ငွေစက္ကူထက် အီလက်ထရောနစ်စနစ် ဖြင့်ငွေပေးငွေယူပြုလုပ်သည့်နည်းလမ်းကို ပိုမိုရွေးချယ် နေကြပါသည်။ WeChat Payနှင့် Alipay တို့မှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအွန်လိုင်းမှငွေပေးချေသည့်စနစ်များဖြစ်ကြပါသည်။

တရုတ်ဗဟိုဘဏ်၏ ယခင်ထုတ်ပြန်ချက်များအရ ဒစ်ဂျစ်တယ်ငွေကြေး၏ အခြေခံဒီဇိုင်းကို ရေးဆွဲထားပြီးဖြစ်ကာ စမ်းသပ်ဆောင်ရွက်သွားမည်ဟု သိရှိထားသည်။ ယခုအနေအထားအရ ၎င်းရှေ့ပြေးအစီအစဉ်မှာ မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြလျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ CHINA DAILY (၁၇-၂-၂၀၂၀)

Category: China(Nanning)