China(Nanning)

ထိုင်းသစ်သီးဝလံပွဲတော်ကို ကျင်းပမည့်တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံမှ တင်သွင်းသော ဒူးရင်းသီး၊ မင်းဂွတ်သီး၊ တော ကြက်မောက်သီးနှင့် အုန်းသီးတို့အား The Thailand Fruit Golden Months Festival ပွဲကျင်းပကာ တရုတ်မြို့ကြီး (၈)မြို့တွင် အရောင်းမြှင့်တင်သွားမည်ဟု သိရပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Somdet Susomboon ၏ပြောကြားချက်အရ ၎င်းပွဲတော်အား မေလမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ချင်းတောင်မြို့၊ နန်နင်းမြို့၊ ချန်ဒူးမြို့၊ ချုံချင်းမြို့၊ ရှီအန်းမြို့၊ ရှမန်မြို့နှင့် ကူမင်းမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၎င်းမြို့ကြီးများ၏ အသွားအလာကန့်သတ်မှုများမှာ ဖြေလျှော့ထားပြီးဖြစ်၍ ယခုကဲ့သို့ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဤပွဲတော်မှာ ထိုင်းနိုင်ငံမှ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ တောကြက်မောက်သီး၊ အုန်းသီး၊ သရက်သီး၊ ပန်းသီး၊ ကျွဲကောသီးနှင့် ငှက်ပျောသီးတို့အား တိုးမြှင့်တင်ပို့သွားရန် ရည်ရွယ်ကြောင်းသိရပါသည်။

ဤပွဲတော်အား အွန်လိုင်းပေါ်တွင်ရော၊ အွန်လိုင်းပြင်ပတွင်ပါ ကျင်းပမည်ဖြစ်ကာ၊ ဒေသခံ လက်လီရောင်းချသူများနှင့် အခွင့်အာဏာရှိပုဂ္ဂိုလ်များက ဝိုင်းဝန်းပံ့ပိုးကြခြင်း ဖြစ်ပါသည်။ အွန်လိုင်းပေါ်မှ အရောင်းမြှင့်တင်မှုများအတွက် ဌာနများနှင့် ဒေသအာဏာပိုင်များက Geso နှင့် Hema ကဲ့သို့သော တရုတ်မိုဘိုင်းလ် Application များကို အသုံးပြု၍ တရုတ်နိုင်ငံမှ သစ်သီးဝလံ လက်လီရောင်းချသူများနှင့် ထိုင်းနိုင်ငံမှ တင်ပို့သူများအကြား အွန်လိုင်းပေါ်မှ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံပွဲ များအား မေလမှ စတင်ကျင်းပသွားမည်ဖြစ်ပါသည်။

အွန်လိုင်းပြင်ပရောင်းချမှုများအတွက် Hisense Plaza၊ Leader၊ Ole၊ Yuehui Plaza၊ Carrefour၊ Lotusနှင့် Parkson တို့တွင် ပြခန်းများတည်ဆောက်၍ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနှင့် အသွားအလာကန့်သတ်မှုများ အဆုံးသတ်သွားပါ က စင်ကာပူ၊ မြန်မာနှင့် လာအိုရှိ အခြားဈေးကွက်များနှင့်လည်း မြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံမှ သစ်သီးဝလံများအတွက် မြှင့်တင်ရေးပွဲများကို အွန်လိုင်းပေါ်တွင်ရော၊ အွန်လိုင်းပြင်ပတွင်ပါ ကျင်းပသကဲ့သို့ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိထားသော သစ်သီးဝလံများကို တရုတ်ဘက်မှ မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ယခုကဲ့သို့အရောင်းမြှင့်တင်မှုများပြုနိုင်ပါက ဖြစ်နိုင်ခြေရှိပါသည်။  ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများပြုနိုင်ပါက နောင်လာမည့်သစ်သီးထွက်ရှိသောရာသီများတွင် တရုတ်ဘက်မှ ဝယ်ယူသူများနှင့် မြန်မာဘက်မှ သစ်သီးရောင်းချသူများ စနစ်တကျချိတ်ဆက်ရောင်းဝယ်မှုပြုနိုင်မည့် အခွင့်အလမ်းများပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet  (၂၅-၅-၂၀၂၀)

Category: China(Nanning)