Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်အတွက် ပြည်ပပို့ကုန် တိုးမြှင့်ရန် ဖြစ်နိုင်ခြေများ မျှော်မှန်း

Last Updated:

ဖေဖေါ်ဝါရီလတွင် ပြည်ပပို့ကုန်ကျဆင်းမှုများနှင့်အတူ ဆိုးရွားလှသည့်ဆိုးကျိုးသက်ရောက်မှုများရှိနေသော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွက် ထိုင်းပို့ကုန်တိုးတက်မှုအပေါ် အလားအလာကောင်း ရှိသေး သည်ဟုရှုမြင်လျှက်ရှိပါသည်။ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ထိုင်းနိုင်ငံအနေဖြင့် အစားအစာနှင့်လယ်ယာထွက်ကုန်လုပ်ငန်းတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း၊ အလားတူ မရှိမဖြစ်လူသုံးကုန် ပစ္စည်းများလည်း ပါဝင်ကြောင်း၊ လျှပ်စစ်ပစ္စည်းများ တင်ပို့မှုမှာလည်း ပြန်လည်နာလန်ထူလာနိုင်မည်ဖြစ်ကြောင်း၊ ၎င်းမှာစုစုပေါင်း ပို့ကုန် အားလုံး၏ (၁၄%) ရှိကြောင်းပြောကြားခဲ့ပါသည်။ အားပျော့လာသောဘတ်ငွေနှင့်ကမ္ဘာအနှံ့ရှိအစိုးရတို့၏ ငွေကြေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ကြားဝင် စွက်ဖက်ဆောင်ရွက်လာမှုတို့က ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေးအပေါ်သက်ရောက်မှုများနှင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကိုတည်ငြိမ်လာစေနိုင်ကြောင်း သူမ က ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမစ္စတာ ဂျူရင်က အာဆီယံဈေးကွက်တွင် သစ်သီးများတင်ပို့မှု၏ အရေးပါမှုကိုထပ်လောင်းပြောကြားခဲ့ပါသည်။ တစ်ခု တည်းသော အာဆီယံ ပြုတင်းတစ်ပေါက်စနစ် (Asean Single Window System)ကို အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်းက အဆိုပါနိုင်ငံများသို့ ပို့ကုန်ပစ္စည်း သင်္ဘောတင်ပို့မှု အပေါ်ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်း၏ ပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာကို ၂၀၂၀ခုနှစ် မေလမှ ဩဂုတ်လအထိ အွန်လိုင်း ကုန်စည်ပြပွဲ (Online exhibition)များနှင့် အွန်လိုင်းစီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု (Online Busines  Matching)များအား စည်းရုံးစုစည်း ဆောင်ရွက်မှုများဖြင့် ပြန်လည်ချိန်ညိှခဲ့ ရကြောင်း ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖေဖေါ်ဝါရီလတွင် ယခင်နှစ် အလားတူကာလကထက်အကောက်ခွန် ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှု (၄.၄၇%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၂၀.၆)ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ဇန်နဝါရိလက မထင်မှတ်ဘဲ နှစ်အလိုက် တွင် ပို့ကုန်တင်ပို့မှု (၃.၃၅%) တိုးတက်ခဲ့ ပြီးနောက်ပိုင်း ပို့ကုန်ကျဆင်းမှုဖြစ်ပါသည်။ အဆိုပါကျဆင်းမှုမှာ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ဖေဖေါ်ဝါရီလကလက်နက် တင်ပို့မှုမြင့်မားခဲ့ခြင်းတို့ကြောင့် ဖြစ်ပါ သည်။ ရွှေ၊ ရေနံနှင့် လက်နက်တို့မှလွဲလျှင် ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလတွင် ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ နှစ်အလိုက်တွင် (၁.၅%) တိုးတက်ခဲ့ပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စက်မှုလယ်ယာထွက်ကုန်များတင်ပို့မှုမှာ ဖေဖေါ်ဝါရီ လတွင် (၃%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၃.၀၇ဘီလီယံ)ရှိကြောင်း၊ ၎င်းတွင် ဆန်တင်ပို့မှု (-၂၆.၆%)ကျဆင်းခဲ့ကြောင်း၊ လတ်ဆတ်၊အေးခဲနှင့်ပြုပြင်ထားသော သစ်သီးတင်ပို့မှု(-၁၆.၂%) ကျဆင်းခဲ့ကြောင်း၊ ပီလောပီနံ တင်ပို့မှု (-၁၁.၁%) ကျဆင်းခဲ့ကြောင်း၊ သကြားတင်ပို့မှု(-၃.၈%) ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ဖေဖေါ်ဝါရီလတွင် စက်မှုထုတ်ကုန်များတင်ပို့မှု(၅.၂%) ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၆.၈ဘီလီယံ)ရှိခဲ့ကြောင်း၊ လက်နက်များ၊ခဲယမ်း မီးကျောက်နှင့် အစိတ်အပိုင်းများတင်ပို့မှု (၁၀၀%) ဖြင့် အများဆုံးကျဆင်းခဲ့ကြောင်း၊ (ရွှေမပါ)လက်ဝတ်ရတနာ တင်ပို့မှု(၃၁.၅%) ကျဆင်းခဲ့ကြောင်း၊ စက်သုံးဆီနှင့်ဆက်စပ်ပစ္စည်းများ တင်ပို့မှု (-၁၀.၇%) ကျဆင်းခဲ့ကြောင်း၊ မော်တော်ကားနှင့်အစိတ်အပိုင်းများ   တင်ပို့မှု (-၄.၇%) ကျဆင်းခဲ့ကြောင်း၊ စတီးနှင့် စတီးထုတ်ကုန်များတင်ပို့မှု (-၁၀.၆%) ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ဖေဖေါ်ဝါရိလတွင် သွင်းကုန်တင်သွင်းမှု (၄.၃%) ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၆.၇) ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၃.၈၉ဘီလီယံ) ရရှိခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်ပထမ နှစ်လစာအတွက် ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ (၄၀.၃) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလများ ထက် (၀.၈၁%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုပိုငွေအဖြစ် အမေရိကန်ဒေါ်လာ (၂.၃၄ဘီလီယံ) ရရှိခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အကယ်၍ တစ်လလျှင် သင်္ဘောတင်ပို့မှုမှာ ပျှမ်းမှျအားဖြင့် အမေရိကန် ဒေါ်လာ (၂၀.၆-၂၁ဘီလီယံ) ရရှိနိုင်မည်ဆိုပါက ယခုနှစ်အတွက် ပို့ကုန်တင်ပို့မှု (၀-၂%) တိုးတက်မည် ဟုခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                                

Category: Thailand