Korea

တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား Myanmar Airway International မှ တိုက်ရိုက်လေကြောင်းခရီးစဉ်အသစ် စတင်ပြေးဆွဲ

Last Updated:

                Myanmar Airways International (MAI) ၏ တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုခရီးစဉ် (ရန်ကုန်-အင်ချွန်း-ရန်ကုန်) ကို ၂၀၁၉ ခုနှှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်ပျံသန်း ပြေးဆွဲလျက် ရှိပြီဖြစ်ပါသည်။ ယခင်က တောင်ကိုရီးယား-မြန်မာ တိုက်ရိုက်လေကြောင်းခရီးစဉ်အား Korean Air  လေကြောင်းလိုင်း တစ်ခုတည်းကသာ ဈေးကွက်ကို အုပ်စိုးခဲ့သော်လည်း MAI အနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင် ရွက်မည်ဖြစ်သည့်အတွက် ၎င်း၏ပြိုင်ဖက်ဖြစ်သော Korean Air  ကိုယှဉ်ပြိုင်နိုင်၍ လုပ်ငန်းအောင်မြင်ရန် ယုံကြည်မှု အပြည့်ရှိကြောင်းသိရှိရပါသည်။ မြန်မာ့လေကြောင်းလိုင်းဖြစ်သော MAI သည် လက်ရှိတွင် ရန်ကုန်-အင်ချွန်း-ရန်ကုန် ခရီးစဉ်အား တစ်ပတ်လျှင် (၄) ရက်နှုန်းဖြင့် အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင် ပျံသန်း ပြေးဆွဲပေးလျက်ရှိပါသည်။

          မြန်မာနိုင်ငံ၌ Korean-Myanmar Industrial Complex အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသူများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာသည့်အတွက် ခရီးသည်အသွားအလာ ပိုမိုများပြားလာကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားလာ မှုသည် ၁၂ % ပိုမိုလာခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ တောင်ကိုရီးယားခရီးသည် ၇၄၀၀၀ ခန့်အဝင်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံပြီးလျှင် ဒုတိယခရီးသည် ဝင်ရောက်မှုအများဆုံးဖြစ်လာကြောင်း MAI ၏ Deputy Chief of Operation ဖြစ်သူ ဦးဘိုသူရမှ  Lotte Hotel ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော The Korean Time နှင့် Interview တွင်ပြောကြားခဲ့ပါသည်။

      MAI အကြီးဆုံးပြိုင်ဖက်သည် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား တစ်ခုတည်းသော တိုက်ရိုက် လေကြောင်းလိုင်းဖြစ်ခဲ့သည့် Korean Air လေကြောင်းလိုင်းဖြစ်ကြောင်း၊ သို့ရာတွင် MAI အနေဖြင့် ဈေးကွက် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်မှုမရှိဘဲ အောင်မြင်မှုရရှိရန် ယုံကြည်မှုအပြည့်ရှိပါကြောင်း၊ မိမိတို့ MAI တွင် Korean Air ထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ ပိုမိုသာလွန်ကောင်းမွန်သော ဝန်ဆောင်မှုတို့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ MAI ၏ ပုံမှန်ဈေးနှုန်းသည်ပင်လျှင် Korean Air ထက် ၁၀ မှ ၁၅ ရာခိုင်နှုန်းထိ သက်သာထားပြီးဖြစ်ပြီး ခရီးသွားအလွန်များသည့် Peak Seasons များတွင်ပင် ၁၃ မှ ၁၄ ရာခိုင်နှုန်းသို့ သက်သာသည့်အတွက် စျေးကွက်အတွင်း ယှဉ်ပြိုင်ရန် ယုံကြည်မှုရှိပါကြောင်း၊ MAI ၏ စျေးကွက်အနေဖြင့် မြန်မာ၊ ကိုရီးယား  အပန်းဖြေခရီးသွားလာမည့် ခရီးသည်များနှင့် မြန်မာအလုပ်သမားများအတွက် ဝန်ဆောင်မှုပေးရန် အဓိက ဦးတည်ပါကြောင်း သိရှိရပါသည်။

     ထို့ပြင် တောင်ကိုရီးယားမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်သူများအနေဖြင့် အင်ချွန်းလေဆိပ်မှ ညဉ့်အချိန်တွင် ခရီးစတင်ထွက်ခွာမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့သို့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ရန်ကုန်မြို့၌ တစ်ရက်တာတည်းခိုရန် အချိန်နှင့်ငွေထပ်မံကုန်ကျ ရန်မလိုဘဲ မြန်မာပြည်တွင်း သွားရောက် လည်ပတ်လို့သည့် နေရာများသို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဆက်လက်သွားရောက်မည့် Korean Air လိုင်းတွင် မရရှိုနိုင်သော အားသာချက်ကို MAI မှ ဝန်ဆောင်မှုပေးနိုင်ပါကြောင်း၊ Air KBZ သည် MAI နှင့် မိခင်ကုမ္ပဏီတူသည့်  ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အထင်ကရနေရာ ၁၈ ခုသို့လေကြောင်းခရီးစဉ်များ ပြေးဆွဲ ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် မဟာဗျူဟာကျစွာ တည်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်စုံသည့် နေရာဒေသတစ်ခုဖြစ်ပါကြောင်း MAI ပြောကြားခဲ့ပါသည်။

   မြန်မာအလုပ်သမားအများစုသည် ဘူဆန်မြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်အတွက် ဘူဆန်မြို့သို့ လေကြောင်း ခရီးစဉ်ထပ်မံတိုးချဲ့နိုင်ရန် မျှော်မှန်းထားပါကြေင်း ၊ MAI လေကြောင်းလိုင်းသည် ၂၀၂၁ ခုနှစ်တွင် Airbus A320 အမျိုးအစားလေယာဉ် ၇ စီးကို ထပ်မံဖြည့်တင်းရန် အစီအစဉ်ရှိပြီး အခြေအနေအလားအလာကောင်းများ ဖြစ်တည်မှု ပေါ်မှုတည်၍ လေယာဉ်ထပ်မံ တိုးချဲ့ခြင်းကို ၂၀၂၀ ခုနှစ် သို့မဟုတ် ၂၀၂၁ ခုနှစ်တို့တွင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

   ဈေးကွက်အခြေအနေအား (၃) လမှ (၆) လကာလအတွင်း စမ်းသပ်စောင်ကြည့်သွားမည်ဖြစ်ပြီး၊ လိုအပ်ချက် အပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်မှု နည်းဗျူဟာများကိုလည်း အခြေအနေနှင့် လိုက်လျော့ညီထွေစာ ပြုပြင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကိုရီးယားလေယာဉ်အမှုထမ်းများငှားရမ်းဖြည့်တင်းခြင်း၊ ကိုရီးယား အစားအစာများဖြင့် လေယာဉ်ပေါ်တွင် ဧည့်ခံခြင်းစသည့် တို့ဖြစ်ပါကြောင်း၊ MAI အနေဖြင့် မြန်မာ-တောင်ကိုရီးယား တိုက်ရိုက်လေကြောင်းလိုင်းဈေးကွက်အား ဈေးကွက်အခိုင်အမာရရှိနှင့် ပြီးဖြစ်သည့် Korean Air လေကြောင်းလိုင်းနှင့် ယှဉ်ပြိုင်ဆောင်ရွက်ရန် ယုံကြည်ချက် အပြည့်အဝရှိသည်ဖြစ်သော်လည်း  အင်ချွန်- ရန်ကုန် ခရီးစဉ်အတွက် ပြေးဆွဲ မည့်လေယာဉ်သည် ထိုင်ခုံ ၁၂၃ ခုံပါဝင်သော A319 အမျိုးအစားလေယာဉ်ဖြစ်ကာ  ခရီးဝေးလံသည့်အတွက် လေယာဉ်ဆီ ပိုမိုတင်ဆောင်ရခြင်းတို့ကြောင်း တင်ဆောင်နိုင်သည့်ဝန်၏ ၅၅ ရာခိုင်နှုန်းကိုသာ လက်ရှိတင်ဆောင်နိုင် ကြောင်းသိရှိရပါသည်။ သို့ရာတွင် ခရီးစတင်ပျံသန်းသည့် ကာလဖြစ်သည့်အတွက် စတင်ချိန်အတွင်း လိုအပ်ချက်များ ရှိနိုင်သော်လည်းဈေးကွက်ရရှိမှုအခြေအနေအထားအရ လိုအပ်ချက်များကို တစ်ဆင့်ချင်း မွမ်းမံဖြည့်တင်း ဆောင်ရွက်မည်ဟု MAI မှ ပြောကြားခဲ့ကြောင်းဖော်ပြပါရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea