China(Nanning)

တရုတ်လတ်ဆတ်သစ်သီးဝလံရောင်းချသည့် Fruitday က ကမ္ဘောဒီးယားသစ်သီးဝလံများ တင်သွင်းရေးဖြစ်နိုင်ခြေများကို လေ့လာလျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ လတ်ဆတ်သစ်သီးဝလံများ ရောင်းချနေသည့် e-tailer Fruitdayက  ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သစ်သီးဝလံ များအား တရုတ်နိုင်ငံသို့ ဝယ်ယူတင်သွင်းရန်နှင့် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားနေကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း များအပေါ် ဆွေးနွေးရန် ကုမ္ပဏီနှင့် အစည်းအဝေးကျင်းပခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Veng Sakhon က Phnom Penh Post သို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၎င်းရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်ထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနှင့် ပို့ကုန်တင်ပို့မှုတို့အား ခေတ်မီလာစေရန် ရည်ရွယ်သည့် ဝန်ကြီးဌာန၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံနှင့် လျော်ညီမှုရှိရမည် ဖြစ်ကြောင်းနှင့်  တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သစ်သီးဝလံများကို ဝယ်ယူမည့်၊ ပြုပြင်ထုတ်လုပ်မည့်၊ ထုပ်ပိုး မည့်၊ တင်ပို့မည့် ရင်းနှီးမြှုပ်နှံမှုအား ကြိုဆိုပံ့ပိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်၌ ကမ္ဘောဒီးယားနိုင်ငံမှ ငှက်ပျောသီးနှင့် သရက်သီးတို့ကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားပါသည်။ Fruitday မှ ကိုယ်စားလှယ်များက ကမ္ဘောဒီးယားသို့ ယခင်က လာရောက်ခဲ့ကြပြီး သရက်သီး၊ တောကြက်မောက် (လိုဂန်) သီး၊ ပိန္နဲသီး၊ ဒူးရင်း သီး၊  အမွှေးနံ့သင်းသည့် အုန်းသီးနှင့် ဂရိတ်ဖရုသီးတို့အား အကဲဖြတ်ခဲ့ကြကြောင်း၊ ၎င်းကုမ္ပဏီအား ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးရန် အားပေးကြောင်း၊ သို့မှသာ ပို့ကုန်စည်းမျဉ်းများအပါအဝင် ပြည်တွင်းကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးမှုများမှတဆင့် ထုတ်လုပ်မှုများလွယ်ကူချောမွေ့စေရန် ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသို့ ငှက်ပျောသီးတရားဝင်တင်ပို့ခွင့်ရရှိထားသည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သော Longmate Agriculture မှ ဒါရိုက်တာ Hun Lakက  မိမိနှင့် Fruitday မှ တာဝန်ရှိသူများတွေ့ဆုံ၍ ငှက်ပျောသီး၊ သရက်သီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့် ဂရိတ်ဖရု သီးများ တင်ပို့ရန် ဆွေးနွေးထားဖူးကြောင်း၊   မိမိ၏ သစ်သီးဝလံများမှာ လုံလောက်သောစံချိန်စံညွှန်းနှင့် အရည်အသွေးများကို ပြည့်မီပြီး၊ တရုတ်လုပ်ငန်းဘက်မှ ဈေးနှုန်းအမှန်ဖြင့် ကမ်းလှမ်းသည့်အတွက် ကမ္ဘောဒီးယားလယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်ဈေးကွက်သို့တင်ပို့ရေးတွင် ကူညီပေးမည့်ကုမ္ပဏီတစ်ခုဖြစ်သည်ဟု သေချာကြောင်း၊  မကြာမီလများအတွင်း လက်မှတ် ရေးထိုးတော့မည့် ကမ္ဘောဒီးယားနှင့် တရုတ်လွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် တရုတ်ဈေးကွက်ကို အဓိက ထားသည့် ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာတော့မည်ဖြစ်ကြောင်း Phnom Penh Post သို့ ဖြေကြားခဲ့ ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ http://www.fruitnet.com (၃၁-၈-၂၀၂၀)

Category: China(Nanning)