China(Beijing)

တရုတ်နိုင်ငံ၏ စီးပွားရေး မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာသည်ဟု ကမ္ဘာ့ဘဏ်မှပြောကြားခဲ့ခြင်း

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်မှုနှုန်း မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ တရုတ်နိုင်ငံဆိုင်ရာဒါရိုက်တာဖြစ်သူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးစီးပွားရေးဆိုင်ရာ အခွင့်အလမ်းအစီရင်ခံစာ၌ ဖော်ပြထားသည့်မျှော်မှန်းချက်ထက် ပိုမိုမြင့်မားကြောင်း၊ တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ တရုတ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၆.၈) ရာခိုင်နှုန်းကျဆင်းသွားခဲ့သော်လည်း ဒုတိယလေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃.၂) ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါထိန်းချုပ်မှုများ ဆောင်ရွက် သကဲ့သို့စက်ရုံများအနေဖြင့်ထုတ်လုပ်မှုများတိုးမြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများမှ ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၄.၄) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်း ဘဏ္ဍာငွေကြေး၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများစသည့် အညွှန်းကိန်းများတစ်စထက်တစ်စ ပြန်လည်ဉီးမော့လာပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တုန့်ပြန်မှုများမူဝါဒများအား သိသာထင်ရှားစွာအချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် အကျိုးကျေးဇူးများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းမှုများမဖြစ်ပေါ်စေရန် နိုင်ငံအနေဖြင့် ဘဏ္ဍာငွေပိုမိုအသုံးပြုခြင်း၊ အခွန်အကောက်များ သက်သာခွင့်ပြုခြင်း၊ ဌားရမ်းခများ ဖြတ်တောက်ပေးခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခြင်းခံခဲ့ရသည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နလန်ထူလာနိုင်စေရန်နှင့် အလုပ်အကိုင်ရရှိမှုအပေါ် အထောက်အကူဖြစ်စေရန် လိုအပ်သည့် လုပ်ဆောင်ချက်များအားဘဏ်များမှ လိုက်ပါဆောင်ရွက်ခြင်းစသည့် စီမံဆောင်ရွက်မှုများအား လုပ်ဆောင် လျက်ရှိကြောင်း၊ ဈေးကွက်ခိုင်မာစေရန်နှင့် ယှဉ်ပြိုင်မှုရရှိစေရန်လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် ထုတ်လုပ်မှုအား ပြန်လည်တိုးတက်စေရန် လှုံ့ဆော်ရာတွင်အထောက်အကူ ဖြစ်စေခဲ့ သည်ဟု သိရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများဆက်လက်ဖွင့်လှစ်ပေးရန်၊ နိုင်ငံများအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါအား ထိရောက်စွာကုသနိုင်ရေးနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု့ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအပေါ် သက်ရောက်လာနိုင်မှုများ လျော့ပါးသက်သာသွားစေမည့်နည်းလမ်းများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Martin Raiser မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်း)

Source: https://www.globaltimes.cn/content/1196756.shtml

Category: China(Beijing)