China(Beijing)

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ အစီအမံများအပေါ် လေ့လာသုံးသပ်ချက်

Last Updated:

          တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်သစ်ကူးအချိန် နီးကပ်နေပြီဖြစ်သောကြောင့် ပြည်တွင်းဝယ်လိုအား လုံလောက်မှုရှိစေရန်အတွက် ပြည်တွင်းလိုအပ်ချက် မြင့်မားသည့် စားသုံး ကုန်များအား တိုးချဲ့တင်သွင်းနိုင်ရန် ရည်ရွယ်၍ အချို့သောကုန်ပစ္စည်းများအပေါ် အကောက်ခွန်ယာယီလျော့ချ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ ပါသည်။ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုစစ်ပွဲအရှိန် မြင့်မားလျက်ရှိသည့် ကာလများ အတွင်း၌ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ ပိုမိုချုပ်ဆို၍ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ရင်းနှီးမြှပ်နှံမှုများ ပိုမိုဝင်ရောက် လုပ်ကိုင်နိုင်စေရန် လိုအပ်သော စီမံဆောင်ရွက်မှုများအား ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

       အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှုစစ်ပွဲသည် နှစ်နိုင်ငံအကြားစေ့စပညှိနှိုင်းမှုများ ကြောင့် ပထမအဆင့်သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်ပြီး နှစ်နိုင်ငံ အကြား တိုးမြှင့်ကောက်ခံရန် ရည်ရွယ်ထားသည့် အကောက်ခွန်နှုန်းများအား ယာယီရပ်ဆိုင်း လိုက်ခြင်းကြောင့် ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလျက်ရှိသည့် ကုန်ပစ္စည်းများအား နိုင်ငံအတွင်း ပိုမိုစိုက်ပျိုးခြင်း၊ အခြားနိုင်ငံများမှ ပိုမိုဝယ်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ပထမအဆင့် သဘောတူ ညီချက်များကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးပြန်လည်ဦးမော့လာနိုင်သည့် အလားအလာများ ရှိကြောင်း လေ့လာတွေ့ရှိရသည့်အတွက် အခြားကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် ထိခိုက်နိုင်မည့် အနေအထားရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

       ပြည်တွင်း၌ ငွေကြေးဈေးကွက် တည်ငြိမ်မှုရှိစေရန်အတွက် ဗဟိုဘဏ်အနေဖြင့် လိုအပ်သော လုပ်ဆောင်ချက်များအား အချိန်နှင့်တပြေးညီ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်စေရန် ပိုမို၍ ဖွင့်လှစ်ပေးမှုများ ဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှုများ စီးဝင်မှု ဆက်လက်တိုးတက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ပြည်တွင်း လိုအပ်ချက် ပြည့်မီစေရန်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများအား နိုင်ငံစုံမှ တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်းသို့ နည်းပညာ၊ အရင်းအနှီးများ ဖိတ်ခေါ်၍ စိုက်ပျိုးထုတ်လုပ်ခွင့်ပြုခြင်း စသည့်လိုအပ်သော လုပ်ဆောင်ချက်များကို ဆက်လက်လိုက်ပါ ဆောင်ရွက် လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

         ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား၌ ဖြစ်ပေါ်လျက်ရှိသည့် ကုန်သွယ် ရေးတင်းမာမှုများ အရှိန်မြင့်တက်လာမှုအား ဖြေရှင်းရန် နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်တိုးမြှင့် ကောက်ခံမည့် အစီအစဉ်အားရွှေ့ဆိုင်းခြင်း၊ ကုန်ပစ္စည်းများ ဝယ်ယူခြင်းတို့အား အပြန်အလှန် ဆောင်ရွက်လျက်ရှိသည့် နည်းတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် ကုန် သွယ်မှုအပါအဝင် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မူဝါဒများ ဖော်ဆောင်ခြင်း၊ စီးပွားရေးအလားအလာ ကောင်းမွန်သည့်နိုင်ငံများသို့ ရင်းနှီးမြှပ်နှံမှုများ ချဲ့ထွင်ခြင်း၊ လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ခြင်းတို့ ဆောင်ရွက်သွားရန် အလားအလာ ရှိပါကြောင်း လေ့လာတွေ့ရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)