China(Nanning)

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်တွင် တောရိုင်းတိရိစ္ဆာန်ကုန်သွယ်ရေးကို ပစ်မှတ်ထား ကန့်သတ်သွားမည်

Last Updated:

ဟူပေပြည်နယ်တွင် တောရိုင်းတိရိစ္ဆာန်များရောင်းချသည့်ဈေးမှ စတင်ဖြစ်ပွား သည်ဟု ယုံကြည်ထားသော ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုကြောင့် လူခုနစ် သောင်းကျော် ကူးစက်ခံထားရပြီး၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့အထိ လူပေါင်း (၁၇၀၀) ကျော် သေဆုံးခဲ့ခြင်းကြောင့် တရားမဝင်တောရိုင်း တိရိစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုများအပေါ် ပိတ်ပင်ကန့်သတ်မှုများပြုလုပ်သွားရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

တရားမဝင်တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးရန်ရည်ရွယ်လျက်  အမျိုးသားအဆင့် သစ်တောနှင့်စားကျက်မြေ စီမံခန့်ခွဲရေးဌာန၊  အကောက်ခွန်ဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဈေးကွက်စည်းမျဉ်းအတွက် နိုင်ငံတော်စီမံခန့်ခွဲ ရေးနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနစသည့် ဌာန (၅) ခုဖြင့် အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါသည်။

တောရိုင်းတိရိစ္ဆာန်များကို မွေးမြူရန် အသုံးပြုသည့် နေရာများအား တင်းကြပ်စွာ သီးခြားထားရှိသွားမည်ဖြစ်ပြီး၊ အနီးတဝိုက်တွင် သတိပေးချက်များထားရှိရန် လိုအပ်နေပါသည်။ ထို့ပြင် တောရိုင်းတိရိစ္ဆာန်များနှင့် ဆက်စပ်ကုန်ပစ္စည်းများအား ဈေးဆိုင် များ၊ ရွေ့လျားယာဉ်များနှင့် အင်တာနက်ပေါ်မှ ကုန်သွယ်ရောင်းဝယ် ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်းများကိုလည်း တားမြစ်ထားသည်။ ခြွင်းချက်အနေဖြင့် အလှမွေးငါးများကိုသာ ရောင်းဝယ်ခြင်းပြုလုပ်နိုင်သည်။ အကယ်၍ တားမြစ်ချက်ကို ချိုးဖောက်ပါက ဆိုင်များကို ပိတ်သိမ်းခြင်းပြုမည့်အပြင် ကြီးလေးသောပြစ်ဒဏ်ကိုပါချမှတ်မည်ဖြစ်ပါသည်။

ပထမဉီးဆုံးရောဂါဖြစ်ပွားမှုများမှာ ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ ကုလားအုတ်၊ သားပိုက်ကောင်၊ ကြောင်ကတိုးနှင့် ဖြူကောင်များအပါအဝင် တောရိုင်း တိရိစ္ဆာန်များစွာကို ရောင်းချသည့် ဈေးထဲမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။  ထို့ကြောင့် ဇန်နဝါရီလ (၂၆) ရက်နေ့မှ စ၍ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပို့ဆောင်ခြင်းများကို တားမြစ်ခဲ့ခြင်းဖြစ်ပါသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ ကျန်းရှီး၊ ဟူနန်၊ ဟဲနန်နှင့် စီချွမ်ပြည်နယ်များတွင် အခြားဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ ဉပဒေအသက်ဝင်စေရန် ဆောင်ရွက်ခဲ့ကြပါသည်။ တောရိုင်းတိရိစ္ဆာန်လောကဟု လူသိများသည့် ယူနန်ပြည်နယ်၌ တိရိစ္ဆာန် မွေးမြူရေးခြံပေါင်း (၂၃၅၁) ခြံသို့ အများပြည်သူ လာရောက်ခွင့်ကို ယာယီပိတ်သိမ်းခဲ့ကာ တောရိုင်းတိရိစ္ဆာန်များနှင့်ဆက်နွယ်သည့် စီမံခန့်ခွဲရေး အတည်ပြုချက်များအားလုံးကိုလည်း ရပ်ဆိုင်းထားပါသည်။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ယူနန် သစ်တောလုံခြုံရေးဌာနမှ ကိုင်တွယ်ခဲ့သော တရားမဝင်တောရိုင်းတိရိစ္ဆာန်ကုန်သွယ်သည့် အမှုပေါင်း (၁၈၆) မှုရှိခဲ့ပြီး၊ သံသယအမှု (၂၀) မှုရှိကာ၊ သက်ရှိတိရိစ္ဆာန်ပေါင်း (၁၄၀၅) ကောင်ကို ဖမ်းဆီးရရှိခဲ့ပါသည်။

ရောဂါကပ်ဆိုးဖြစ်ပွားခြင်းမှာ တောရိုင်းတိရိစ္ဆာန်များကို စားသုံးလေ့ရှိသည့် ၊ ရှေးရိုး အယူအဆများနှင့် မှားယွင်းသော အတွေးအခေါ်များကို လက်ကိုင်ထားကြသူများအတွက် နှိုးဆော်လိုက်ခြင်းဖြစ်ကြောင်း၊ တောရိုင်းတိရိစ္ဆာန်များမှာ လူသားတို့ စားသောက်ရန်မဟုတ်ကြောင်း၊  မိမိတို့အနေဖြင့် ကိုရိုနားကူးစက်ရောဂါကြောင့် သေကြပျက်စီးခဲ့ရသော သို့မဟုတ် ဖျားနာခဲ့ရသော မိသားစုများအတွက် များစွာဝမ်းနည်းမိပါကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏ တောရိုင်းတိရိစ္ဆာန်များကုန်သွယ် ရောင်းဝယ်ရေးကို ဆိုင်းငံ့ခြင်းနှင့် တောရိုင်းတိရိစ္ဆာန်များကို မွေးမြူအသုံးပြုခြင်းအတွက် ခွင့်ပြုမိန့်ထုတ်ပေးရန် ဘက်စုံမှစစ်ဆေးရန် ဆုံးဖြတ်ခြင်းတို့ကို ကြိုဆို ကြောင်း World Wildlife Fund for Nature ၊ တရုတ်ရုံးခွဲမှ အကြီးတန်းအရာရှိ Zhou Feiက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အကယ်၍ ဉပဒေ ချိုးဖောက်မှုများကို တွေ့ရှိပါက ဖုန်းနံပတ် ၁၂၃၁၅ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ CHINA DAILY (၁၈-၂-၂၀၂၀)

Category: China(Nanning)