China(Beijing)

တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် လေကြောင်းခရီးစဉ်အားလုံးအနေဖြင့် COVID-19 စစ်ဆေးမှု အရ ရောဂါပိုးကင်းစင်ကြောင်း ပြသရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း

Last Updated:

တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်းသို့ ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် ကြိုးပမ်း အားထုတ်မှုတစ်ရပ်အနေဖြင့် ပြည်ပနိုင်ငံများမှ နိုင်ငံအတွင်းသို့ လာရောက်မည့်သူအားလုံးအား သက်ဆိုင်ရာနိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးမထွက်ခွာမီ (၅) ရက်ကြိုတင်၍ သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ တရုတ်နိုင်ငံဆိုင်ရာသံရုံးများမှ သတ်မှတ် (သို့) အသိအမှတ်ပြုထားသည့် ကျန်းမာရေးစင်တာများ၌ စစ်ဆေးထားသည့် nucleic acid စစ်ဆေးမှု အဖြေအား ပြသရန်လိုအပ်သည့် ကြေညာချက်အား (၂၁-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ကြေညာချက်အား တရုတ်နိုင်ငံမြို့ပြလေကြောင်း စီမံခန့်ခွဲမှုအဖွဲ့ (CAAC)၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ( GACC)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါကြေညာချက်အရတရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက် လာမည့်နိုင်ငံသားများအနေဖြင့် wechat တွင်ပါရှိသည့် health mini-program တွင် negative nucleic acid test results အား တင်ပြထားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားသားများအနေဖြင့် negative nucleic acid test results များတင်ပြ၍ သက်ဆိုင်ရာ တရုတ်သံရုံး/ ကောင်စစ်ဝန်ချုပ်ရုံး များထံတွင် ကျန်းမာရေးလက်မှတ်လျှောက်ထားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်၏ ကျန်းမာရေး codes (သို့) အသိအမှတ်ပြုလက်မှတ်များအား စစ်ဆေးရမည်ဖြစ်ပြီး အဆိုပါသတ်မှတ်ချက်များ တင်ပြနိုင်ခြင်းမရှိပါက တရုတ်နိုင်ငံသို့ ထွက်ခွာမည့် လေကြောင်း ခရီးစဉ်သို့ လိုက်ပါခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံဖြတ်ကျော်၍ လူပုဂ္ဂိုလ်များ ရွှေ့လျားသွားလာမှုများ တိုးတက်လျင်မြန်စေရန်နှင့် အာမခံချက်ရှိစေရန် ဖြစ်ပြီး လုပ်ငန်းများ၊ ထုတ်လုပ်ရေးများ ပြန်လည်စတင်နိုင်စေရန်၊ people-to-people exchanges များ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တရုတ်သံရုံးများအနေဖြင့် တည်ရှိသည့်နိုင်ငံများတွင် nucleic acid  စစ်ဆေးပေးနိုင်မှုအပေါ် မူတည်၍ အထူးစီမံဆောင်ရွက်မှုများအား သီးခြား ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ကူးစက်မှုအား ထိန်းချုပ်ထားနိုင်သော်လည်း ပြည်ပမှ ရောဂါ ကူးစက်မှုများဝင်ရောက်လာမှုအား တားဆီးနိုင်ရန်မှာကြီးမားသည့်ဖိအားဖြစ်ပေါ် လျက်ရှိသည့်အတွက် အချိန်နှင့်တပြေးညီ ချမှတ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူWang Wenbin မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမြို့ပြလေကြောင်း စီမံခန့်ခွဲမှု အဖွဲ့ (CAAC)မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံလေကြောင်းလိုင်းများသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း၌ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များဖြင့် ခရီးသည်ပေါင်း (၁၄၀,၀၀၀) ဉီးအား ပို့ဆောင်ပေးခဲ့ပြီး အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်ကာလတူ၏ (၂.၃) ရာခိုင်နှုန်းသာရှိကြောင်း သိရှိပါသည်။

https://www.globaltimes.cn/content/1195213.shtml

 

(စီးပွားရေးသံမှူး၊ ပေကျင်း)

Category: China(Beijing)