China(Beijing)

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ပဲပုပ်တန်ချိန် (၄.၀၃) သန်းဝယ်ယူခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြားချုပ်ဆိုခဲ့သည့် ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက်အား အကောင်အထည်ဖော်နိုင်ရန်အတွက် တရုတ်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုမှ ပဲပုပ်တန်ချိန် (၄.၀၃) သန်း ဝယ်ယူခဲ့ကြောင်း၊ ထိုကဲ့သို့ ဝယ်ယူခဲ့မှုများအနက် တန်ချိန် (၁.၃) သန်းအား ဇူလိုင်လမကုန်မီ တင်ပို့သွားမည်ဖြစ်ပြီး ကျန်တန်ချိန် (၂.၇၃) သန်းအား စက်တင်ဘာလနှင့် ဒီဇင်ဘာလအကုန်ကြား၌ တင်ပို့သွားမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါသည် တရုတ်နိုင်ငံ၏ ပဲပုပ်ဝယ်ယူမှုအပေါ် များစွာထိခိုက်မှုမရှိဘဲ ပြည်တွင်းပဲပုပ်ဝယ်လိုအား ခိုင်မာလျက် ရှိကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း၌ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ ပဲပုပ်တန်ချိန် ( ၆၆၅, ၅၉၀) တင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းသည် အာဖရိကဝက်တုပ်ကွေးရောဂါမှ ပြန်လည်နလန်ထူလာနိုင်ပြီဖြစ်ပြီး ကြက်မွေးမြူရေးလုပ်ငန်းသည် ကြီးမားကျယ်ပြန့်ပြီး အမြတ်အစွန်းရရှိလျက် ရှိသည့်အတွက် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် အရေးကြီးသည့်ကုန်ကြမ်းဖြစ်သည့် ပဲပုပ်ဝယ်လိုအား မြင့်တက်လျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု၏ ပဲပုပ်တင်ပို့မှု ကောင်စီမှ ထုတ်ပြန်ချက်အရ သိရှိရကြောင်း၊ အလားတူပင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ ပထမ ပတ်အတွင်း အမေရိကန်ပြည်ထောင်စုမှ ပဲပုပ်တင်ပို့မှုသည် ပြီးခဲ့သည့် (၁၆)လတာ ကာလ အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာနမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ပထမ(၆)လတာကာလအတွင်း၌ ပဲပုပ်တန်ချိန် (၄၅.၀၄) သန်း တင်သွင်းနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၇.၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားချုပ်ဆိုခဲ့သည့် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်အား အကောင်အထည်ဖော်နိုင်ရန် အမေရိကန် ပြည်ထောင်စုထံမှ ပဲပုပ်တိုးမြှင့်ဝယ်ယူလျက်ရှိကြောင်း၊ သို့ရာတွင် နှစ်နိုင်ငံအကြား အချို့သောပြဿနာများကြောင့် တရုတ်-အမေရိကန် ပဲပုပ်ကုန်သွယ်မှုတွင် မသေချာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါမသေချာမှုများ၊ ကမ္ဘာ့ကပ်ရောဂါတို့ကြောင့် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံမှ ပဲပုပ်ပိုမိုဝယ်ယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ပေကျင်း)

 ရင်းမြစ်: https://www.globaltimes.cn/content/1194457.shtml

Category: China(Beijing)