Belgium

ဈေးသက်သာသည့် ပျားရည်တင်သွင်းမှုများကြောင့် အီးယူ၏ ပျားမွေးမြူရေးလုပ်ငန်း ရုန်းကန်နေရ

Last Updated:

အီးယူတွင် ပျားရည်ထုတ်လုပ်မှုလျော့ကျလာခြင်းနှင့် ဈေးနှုန်းသက်သာသည့် ပျားရည်တင်သွင်းမှုများမြင့်တက်လာခြင်းတို့ကြောင့် အရေးပေါ်လုပ်ငန်းအစီအမံ တစ်ရပ်ချမှတ်ပေးရန် ဥရောပပျားရည်ထုတ်လုပ်သူများက တောင်းဆိုနေကြကြောင်း၊ ဈေးကွက်အခြေအနေ အလွန်အမင်းမတည်မငြိမ်ဖြစ်နေမှုများကို ရင်ဆိုင်နေရသဖြင့် အီးယူရှိ ပျားရည်ထုတ်လုပ်သူများနှင့် လယ်သမားအသင်းအဖွဲ့များက အီးယူတာဝန်ရှိသူများအား အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် ၁၄-၂-၂၀၂၀ နေ့တွင် တောင်းဆိုမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီးယူရှိ ပျားရည်ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ပျားရည်ဈေးနှုန်းမြင့်တက်လာမှုမရှိခြင်း၊ ဈေးနှုန်းချိုသာသည့် ပျားရည်တင်သွင်းမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ပြည်တွင်း ထုတ်လုပ်မှုကျဆင်း ခဲ့ပြီးနောက်ပိုင်းတွင် ရုန်းကန်နေရခြင်းဖြစ်ကြောင်း၊ အီးယူအနေဖြင့် ပြည်တွင်း၌ ပျားရည်လိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်မှုမရှိဘဲ (၄၀%) ခန့်ကို တတိယနိုင်ငံများမှ တင်သွင်း ရခြင်းဖြစ်ကြောင်း၊ ဥရောပပျားရည်ထုတ်လုပ်သူများအနေဖြင့် ပြည်ပမှ ဈေးနှုန်းသက်သာသည့် ပျားရည်တင်သွင်းမှု မြင့်တက်လာခြင်းကို ရင်ဆိုင်ကြုံတွေ့နေရပြီး၊ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ပျားရည်များနှင့် ယှဉ်ပြိုင်နိုင်မှုမရှိကြောင်း၊ အီးယူသည် ၂၀၁၃ ခုနှစ် ကတည်းက တစ်နှစ်လျှင် ပျမ်းမျှပျားရည်တန်ချိန် (၈၀၀၀၀) ခန့်ကို တရုတ်နိုင်ငံမှ တင်သွင်းလျက်ရှိပြီး၊ ယူကရိန်း၊ မက္ကဆီကို စသည့်နိုင်ငံများမှလည်း ပျားရည် တန်ချိန်ထောင်နှင့်ချီ၍ တင်သွင်းနေခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့်ပျားရည်၏ ပျမ်းမျှဈေးနှုန်းမှာ 1kg လျှင် ၁.၂၄ ယူရိုခန့်ကျသင့်ပြီး၊ ၂၀၁၈ ခုနှစ်တွင် အီးယူ၌ ပျားရည်ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်မှာ 1kg လျှင် ၃.၉၀ ယူရိုခန့်ရှိကြောင်း၊ ထို့ပြင် အီးယူ၏ ပျားရည်အဓိကတင်သွင်းသည့်နိုင်ငံများတွင် ပျားရည် ဈေးနှုန်းမှာ ဆက်လက်ကျဆင်း လျက်ရှိကြောင်း၊ ဈေးနှုန်းကွာခြားချက်၏ အဓိကအကြောင်းအရင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပိုမိုသက်သာစေသည့် Sugar Syrup အဓိကထည့်သွင်းခြင်း ဖြစ်ပြီး၊  ယင်းကို ဥရောပရှိ နယ်စပ်ထိန်းချုပ်ရေးစခန်းများတွင် စစ်ဆေးရှာဖွေရန်ခက်ခဲကြောင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အရလည်းကောင်း၊ တရုတ်နိုင်ငံ၏ ပျားရည် ထုတ်လုပ်မှု နည်းလမ်းများအရလည်းကောင်း ဥရောပစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/ မရှိနှင့် ပတ်သက်၍ လယ်သမားများအသင်းအဖွဲ့ Copa-Cogeca ၏ အစီရင်ခံ စာကဖော်ပြထားကြောင်းသိရှိရပါသည်။  

ဈေးကွက်အခြေအနေတိုးတက်လာခြင်းမရှိပါက ပျားမွေးမြူခြင်းလုပ်ငန်းမှ အဓိကဝင်ငွေရရှိ နေကြသည့် ဥရောပရှိ ပျားမွေးမြူသူများအနေဖြင့် ဆက်လက်ရပ်တည် နိုင်မည်မဟုတ်ဘဲ ဥရောပတစ်ဝန်းရှိ ပျားအုံအရေအတွက် (၁၀) သန်းကျော်၏ တည်ရှိမှုကို ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ ပျားမွေးမြူခြင်းလုပ်ငန်းနှင့် ယင်းမှ ထောက်ပံ့ပေးထားသည့် ဝတ်မှုန်ကူးခြင်းသည် ဥရောပ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် ဇီဝမျိုးကွဲများအတွက် မရှိမဖြစ်အရေးပါကြောင်း၊ ထို့ကြောင့် ပျားရည် လုပ်ငန်းကဏ္ဍအပေါ် ထိခိုက်မှုသည် အခြားသောကဏ္ဍများအပေါ်တွင်လည်း ခြိမ်းခြောက်မှုရှိနေကြောင်း Copa-Cogeca  ပျားရည်ဆိုင်ရာလုပ်ငန်းပါတီ၏ ဥက္ကဌ ဖြစ်သူ Etienne Bruneau က ပြောကြားခဲ့ကြောင်း သိရပါသည်။

အီးယူတွင် ပျားရည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအနေဖြင့် Honey Directive ဖြင့် ပြဌာန်းဆောင်ရွက်လျက်ရှိပြီး၊ ပျားရည်၏ ပင်ရင်းဒေသဖော်ပြခြင်းဆိုင်ရာ လိုအပ် ချက်များမှာမူ များစွာနိမ့်ကျကြောင်း၊ ပျားရည်နှင့်ပတ်သက်၍ တံဆိပ်ကပ်ဖော်ပြရာတွင် အီးယူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ထက်ပိုသောနိုင်ငံများမှ ရောနှောထုတ်လုပ် သည့်ပျားရည်ကို “Blend of EU honeys” ၊ အီးယူပြင်ပရှိ နိုင်ငံတစ်နိုင်ငံထက်ပိုသောနိုင်ငံများမှ ရောနှောထုတ်လုပ်သည့်ပျားရည်ကို “Blend of non-EU honeys” နှင့်အီးယူနှင့် အီးယူမဟုတ်သောနိုင်ငံများမှ ရောနှောထုတ်လုပ်သည့်ပျားရည်ကို “Blend of EU and non-EU honeys” ဟူ၍ ဖော်ပြခြင်းဖြစ်ကြောင်း၊ ဥရောပရှိ ပျားမွေးမြူထုတ်လုပ်သူများ ကတောင်းဆိုသည့် လုပ်ငန်းအစီအမံတွင် တတိယနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံမှ  တင်သွင်းသည့်ပျားရည်ကို အီးယူ၏ ပျားရည် အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး သေချာအောင်ဆောင်ရွက်ရန်၊ ပင်ရင်းဒေသဆိုင်ရာတံဆိပ်ကပ်ဖော်ပြခြင်းကို ဥရောပအဆင့်တွင် မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်နှင့် ရောနှောထားသည့်ပျားရည်အလိုက် ရာခိုင်နှုန်းများကို ဖော်ပြရန်တို့ဖြစ် ကြောင်း သိရှိရပါသည်။

Copa-Cogeca က ပျားရည်ဆိုင်ရာ ဥရောပဓါတ်ခွဲခန်းအား ပူးတွဲသုတေသနဗဟိုဌာနနှင့် အနီးကပ်ပူးပေါင်းမှုဖြင့် ထားရှိဆောင်ရွက်ရန်နှင့် ဥရောပပျားရည်ဈေးကွက် စောင့်ကြည့်လေ့လာ သုံးသပ်မှုကိုလည်း ဆောင်ရွက်ရန်တောင်းဆိုခဲ့ကြောင်း၊ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အီးယူလယ်ယာစိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း ကောင်စီအစည်းအဝေးတွင် ပျားရည်ရောနှောထုတ်လုပ်မှု (honey blends) အတွက် ပိုမိုရှင်းလင်းသော ပင်ရင်းဒေသတံဆိပ်ကပ်ဖော်ပြခြင်းအတွက် Honey Directive အား ပြန်လည်သုံးသပ်ရေး စဉ်းစားဆောင်ရွက်ရန် အီးယူအဖွဲ့ဝင် (၁၆) နိုင်ငံက ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်၍ ဥရောပကော်မရှင်အား တောင်းဆို ခဲ့ကြောင်း၊ ပျားရည်ထုတ်ကုန်၏ ပင်ရင်းနိုင်ငံကို ဖော်ပြရမည်ဖြစ်ပြီး၊ ဥရောပမှပျားရည်နှင့် အခြားရင်းမြစ် များမှ ပျားရည်တို့၏ ပါဝင်မှုအချိုးကိုလည်းဖော်ပြရမည်ဖြစ်ကြောင်း ဟန်ဂေရီလယ်ယာစိုက်ပျိုးရေးဝန်ကြီး Istvan Nagy က ပြောကြားခဲ့ကြောင်း၊ အဆိုပါပူးတွဲကြေညာချက်အား ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယားနှင့် စပိန်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (https://www.euractiv.com

Category: Belgium