USA

ဆော်ဒီအာရေဗီးယား - ရုရှ ရေနံစိမ်းတိုက်ပွဲအကြား အမေရိကန် ဝင်ရောက် ဖြေရှင်းရန် စဉ်းစား

Last Updated:

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့တွင် ဩစရီးယားနိုင်ငံ၊ ဗီယင်နာတွင် ရေနံထုတ်လုပ်တင်ပို့ သည့်နိုင်ငံများအသင်း - OPEC နှင့် ၎င်းတို့ မဟာမိတ်နိုင်ငံများအကြား ရေနံအများဆုံး တင်သွင်းသည့် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဝယ်လိုအားကျဆင်း လာသည့်အတွက် ထုတ်လုပ်မှုလျှော့ချရန် အိုပက်အဖွဲ့၏ အဆိုပြုချက်ကို ရုရှားနိုင်ငံက သဘော မတူခြင်းမှ စတင်ကာ ရေနံဈေးတိုက်ပွဲ (Oil Price War) တစ်ရပ် စတင်ဖြစ်ပေါ်လာခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် နိုင်ငံအသီးသီးမှ စတော့ရှယ်ယာ ဈေးများ ကျဆင်းကာ ကမ္ဘာ့စီးပွားရေး ကျဆင်းလျက်ရှိသည့်အခြေအနေတွင် ရေနံဈေးများပါ ဆက်တိုက်ကျဆင်း လာနေသည့်အတွက် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုကို ပိုမိုဂယက် ရိုက်ခတ်လျှက်ရှိပါသည်။

အမေရိကန်၊ ရေနံထုတ်လုပ်သူများအနေနှင့်လည်း သမိုင်းဝင်ဈေးနှုန်းကျဆင်းသည့်ဒဏ်ကို ခံစားနေရသည့်အတွက် ရေနံကုမ္ပဏီများနှင့် ၎င်းတို့ကုန်သွယ်ဖက်များသည် သမ္မတအိမ်ဖြူတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံကာ ကူညီဖြေရှင်းပေးပါရန်တောင်းဆိုခဲ့ကြပါသည်။ ကမ္ဘာ့တစ်ဝန်း ဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်နေချိန်တွင်  ရေနံဈေးနှုန်း ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အတွက် အမေရိကန်၊ ရေနံထုတ်လုပ်သူများစွာ ဒေဝါလီခံရမည့်အခြေအနေအား ကူညီဖြေရှင်း ပေးနိုင်မည့်  နည်းလမ်းပေါင်းများစွာ ရှာဖွေဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမ္မတထရမ့် အစိုးရက ဆိုပါသည်။ သမ္မတထရမ့်အစိုးရအနနှင့် ဆော်ဒီအာရေဗီးယားနှင့် ရုရှအကြား သင့်တော်သည့်အချိန်တွင် ကြားဝင် ဖြေရှင်းပေးသွားရန် စဉ်းစားနေကြောင်း မတ်လ ၁၉ ရက်နေ့က ဆောင်ရွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က ပြောကြားခဲ့ပါသည်။

သမ္မတထရမ့်အစိုးရ တာဝန်ရှိသူများက ဆော်ဒီအာရေဗီးယားနိုင်ငံသို့ ရေနံစိမ်းထုတ်လုပ်မှုကို မူလပမာဏအတိုင်း လျှော့ချထုတ်လုပ်ရန် သံတမန်လမ်းကြောင်းမှ တစ်ဆင့်ညှိနှိုင်းသွားမည်ဖြစ်ပြီး ရုရှနိုင်ငံသို့ စီးပွားရေးပိတ်ဆို့မှုသည့် ခြိမ်းခြောက်သည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရန် စဉ်းစားလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်တွင် ရေနံလုပ်ငန်း ထိန်းကျောင်းပေးသည့် Texas Railroad Commission က ရေနံလုပ်ငန်းအကြောင်း ကျွမ်းကျင်သည့် အမှုဆောင်အရာရှိများစွာနှင့် တွေ့ဆုံ ဆွေးနွေးကာ ရေနံထုတ်လုပ်သင့်သည့် ပမာဏကို တွက်ချက် စစ်ဆေးလျက်ရှိပါသည်။

သမ္မတထရမ်က နိုင်ငံအတွင်း၌ ယခုလတွင် ရေနံကဏ္ဍတည်ငြိမ်စေရေးအတွက် စွမ်းအင်ဝန်ကြီးဌာနကို နိုင်ငံ၏ ရေနံအရန်သိုလှောင်မှုဖြည့်တင်းရန်  စတင်ဝယ်ယူ သိုလှောင်ရေးဆောင်ရွက် ရန် ညွှန်ကြားထားပြီးဖြစ်ပါသည်။ ဝန်ကြီးဌာနမှလည်း မတ်လ ၁၉ ရက်နေ့ အစောပိုင်းတွင် ရေနံစည် သန်း ၃၀ အတွက် လေလံစတင် ခေါ်ယူနေပြီဖြစ်ကြောင်း၊ အရန်သိုလှောင်ရန် စည်ပေါင်း ၇၇ သန်း ပြည့်သည်အထိ လေလံထပ်မံခေါ်ကာ ဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ယင်းသို့ အစိုးရက ဝင်ရောက်ကူညီ ဆောင်ရွက်ပေးသည့်အတွက် မတ်လ ၁၉ ရက်နေ့တွင် ရေနံစိမ်း တစ်စည်ကို အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာဈေးတက်လာခဲ့ပါသည်။ မတ်လ ၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ၏ စတော့ရှယ်ယာများ ဈေးပြန်လည်မြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

https://www.wsj.com/articles/u-s-considers-intervention-in-saudi-russia-oil-standoff-11584636054

 

Category: USA