China(Nanning)

စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတိုးတက်မှုများ တည်ငြိမ်စေရန် အဓိကနယ်ပယ်(၆)ခုတို့ တည်ငြိမ်ရေးအတွက် ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ယန္တရားများမှတဆင့် ဆောင်ရွက် သွားမည့် တရုတ်နိုင်ငံ

Last Updated:

ကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကို ထိရောက်စွာ တန်ပြန်ဆောင်ရွက်ရန်နှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတိုးတက်မှုများကို မြှင့်တင်ရန် အလုပ်အကိုင်၊ ဘဏ္ဍာရေး၊ နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့်ဈေးကွက် မျှော်မှန်းချက်များဟူသည့် အဓိကနယ်ပယ် (၆) ရပ်၌ တည်ငြိမ်စေရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို တရုတ်နိုင်ငံက ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပါသည်။ ၎င်း ဆုံးဖြတ်ချက်ကို မတ်လ (၃)ရက်နေ့တွင်  ဝန်ကြီးချုပ် Mr. Li Keqiang ဉီးဆောင် သည့် နိုင်ငံတော်ကောင်စီ၏ အမှုဆောင်အရာရှိချုပ်များအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းကဏ္ဍ (၆) ရပ်တို့မှာ အချင်းချင်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှေ့သို့ဆက်လက်ချီတက်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခုနှစ်တွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့ရနေသောကြောင့် ၎င်းကဏ္ဍ (၆) ရပ်၌ ပိုမိုကောင်းမွန်သော ရည်မှန်းချက်သို့ ရောက်ရှိစေရန် ပိုမိုပြုပြင်ပြောင်းလဲဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

နိုင်ငံစီးပွားရေး၏ ပြည်တွင်းမှ တွန်းအားပေးလည်ပတ်မှုကို မြှင့်တင်ရန်နှင့် တစ်နှစ်ပတ်လုံးအတွက် သင့်လျော်သောအတိုင်းအတာအတွင်း အဓိကစီးပွားရေး အညွှန်းကိန်းများကို  ထိန်းထားရန် မေခရိုစီးပွားရေးမူဝါဒများ၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုတို့အပေါ် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကို အားကောင်းထိရောက်သော တုန့်ပြန်မှုများချမှတ်၍ အပြည့်အဝ အရှိန်မြှင့်တင်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ ယခုအချိန်မှာ ရောဂါပျံ့နှံ့ ဖြစ်ပွားမှု၏ ဆိုးကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲနေရသော်လည်း၊ အဓိကနယ်ပယ် (၆) ရပ်၌ မတည်ငွေရင်းစီးဆင်းမှုနှင့်  စက်မှုဆိုင်ရာကွင်းဆက်လည်ပတ်မှု တို့ကို ထိန်းထားရန် ကူညီပါက သင့်လျော်သောအတိုင်းအတာအတွင်း စီးပွားရေးစွမ်းဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း Mr. Li Keqiang က အလေးအနက်ပြောကြားခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးတွင် ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ခိုင်မာသောပံ့ပိုးမှု ပြုနိုင်ရန်၊ စီးပွားရေးလုပ်ဆောင်ချက်များ လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ရေးကူညီ ပေးရန်နှင့် ပြည်သူများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သယ်ယူပို့ဆောင် ရေးနှင့် တင်ပို့ရေးမှသည်  အမြန်ချောပို့ဝန်ဆောင်မှုများအထိ ထောက်ပို့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် လွယ်ကူချောမွေ့စေရေးအတွက် မူဝါဒများကိုလည်း စီစဉ်ပေးခဲ့ပါသည်။

လက်ရှိအချိန်တွင် လုပ်ငန်းများပြန်လည်စတင်ရန် အဓိကကြုံတွေ့နေရသော အတားအဆီးမှာ ထောက်ပို့သယ်ယူပို့ဆောင်ရေးဖြစ်နေသည်ကိုတွေ့ရှိရသဖြင့် အယူသီးသည့် အတွေးအခေါ်များကို အမြန်ဆုံးဖယ်ရှားရေးနှင့် ပြည်နယ်များအလိုက် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်မှုကို အစီအစဉ်တကျ ဖြစ်စေရေးတို့အတွက် ရည်မှန်းချက်ထား ဆောင်ရွက်ပေးကြရန်လည်း အစည်းအဝေးက တောင်းဆိုခဲ့ပါသည်။

ထောက်ပို့သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်သော ဝန်ဆောင်မှုများသို့ အခွန်အခများကို ထပ်မံလျှော့ချပေးမည့်အပြင်၊ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရပ်ဆိုင်းထားရသော စီးပွားရေးလုပ်ငန်းသုံးယာဉ်များ၊ သင်္ဘောများနှင့် လေယာဉ်များအတွက် အာမခံ ကာလကို တိုးမြှင့်ပေးခြင်းနှင့် အာမခံသက်တမ်းတိုးကြေးကို လျှော့ချ ပေးခြင်းစသည့် နည်းလမ်းများဖြင့် အာမခံကြေးကင်းလွတ်ခွင့် သို့မဟုတ် လျှော့ချခြင်းများ ပြုလုပ်ပေးရန်လည်း အာမခံကုမ္ပဏီများသို့ အားပေးသွားမည်ဟု သိရပါသည်။

ထို့ပြင် အဝေးပြေးလမ်းများကို လုပ်ကိုင်ဆောင်ရွက်နေသူများမှာ  အဝေးပြေးလမ်း အခမဲ့အသုံးပြုခွင့်ပေးသည့် မူဝါဒကြောင့် ၎င်းတို့၏ ကြွေးမြီကို ပြန်ဆပ်ရန် အခက်ကြုံတွေ့နေရရာ အတိုးပေးရန်ကာလကို ဆိုင်းပေးခြင်း၊ ပြန်လည်ပေးဆပ်ရမည့်ကာလကို တိုးပေးခြင်းစသည့်နည်းလမ်းများဖြင့် ပံ့ပိုးကူညီပေးနေကြောင်း၊ ကုန်တင်ကားများနှင့် အငှားယာဉ်မောင်းနှင်သူများမှာလည်း ထိုကဲ့သို့ အကျိုးခံစားခွင့်မျိုးရရှိမည်ဖြစ်ကြောင်း သိရပါသည်။

ယခုအခါ  ရောဂါအဓိကဖြစ်ပွားရာ ဟူပေပြည်နယ်အပါအဝင် တရုတ်နိုင်ငံတဝှမ်း၌ ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုနှုန်း တည်ငြိမ်စွာကျဆင်းလာနေပြီး၊  တရုတ် အစိုးရ၏ အထောက်အပံ့ပြုသော စီမံဆောင်ရွက်မှုများကြောင့် တရုတ်စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ထိန်းချုပ်၍ရကြောင်း၊ ယခုကြုံတွေ့ရသောရောဂါကြောင့် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများမှာ  အရည်အသွေးမြင့် ဖွံ့ဖြိုးမှုနှင့် ပိုမိုနက်ရှိုင်းသော စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုများ အတွက် အရေးပါသော အထောက်အကူများ ဖြစ်လာကြောင်း ၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အွန်လိုင်းပေါ်မှ ဝန်ဆောင်မှုများနှင့် အခြားလုပ်ငန်းအချို့အတွက် အခွင့်အလမ်းအသစ်များကို သယ်ယူလာနိုင်သည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် တရုတ်၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ၏ (၉၀)ရာခိုင်နှုန်းခန့်မှာ ကာလကြာရှည်လုပ်ငန်းလည်ပတ်နိုင် ခြင်းမရှိပါက ဘဏ္ဍာရေးအခက်အခဲရှိလာမည်ဖြစ်ကြောင်း Shanghai Institutes for International Studies ၏ အကြီးအကဲ Chen Dongxiao က အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စက်မှုကုန်ထုတ်လုပ်ငန်းကွင်းဆက်တွင် စီးပွားရေးအရ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်နေသောကြောင့် ကမ္ဘာတဝှမ်း ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန်၌ နိုင်ငံစီးပွားရေးအတွက် အစိုးရ၏ စီမံဆောင်ရွက်ပေးမှုများ ကြောင့် ပုံမှန်လမ်းကြောင်းပေါ်သို့  ပြန်လည်ရောက်ရှိ လာဖွယ်ရှိကြောင်း ၎င်းအစီရင်ခံစာအရ သိရပါသည်။

ဖေဖော်ဝါရီလမှစ၍ တရုတ်ဗဟိုဘဏ်က အတိုးနှုန်းများကို လျှော့ချခြင်းနှင့် မတည်ငွေရင်းနှင့် အစုရှယ်ယာဈေးကွက်တည်ငြိမ်စေရန် ဆောင်ရွက်ပေးခြင်းမှတဆင့် ငွေကြေးပေါ်လွယ်မှု တိုးတက်စေခဲ့ပါသည်။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ယခုနှစ် အတွက် ပြည်နယ်အစိုးရ ငွေချေးစာချုပ် ကိုတာအသစ်ကို ယွမ်ငွေ (၁.၈၄၈) ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၆၄.၉ ဘီလီယံ) ဖိုး ခွဲဝေပေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေငြာခဲ့ပါသည်။

ထို့ပြင် ကူးစက်ရောဂါပိုးပျံ့နှံ့မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကုမ္ပဏီများ (အထူးသဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်) ကူညီရန် ပင်စင်ငွေ ထည့်ဝင်ခြင်းနှင့် အာမခံကြေးများကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပါသည်။ ဘဏ္ဍာရေးအဖွဲ့အစည်းများ အား ချေးငွေအတိုးနှုန်းများ လျှော့ချပေးရန်နှင့် ဘဏ္ဍာရေးကုန်ကျစရိတ်များကို လျှော့ချပေးရန် တောင်းဆိုခဲ့ပါသည်။

ကပ်ရောဂါကြောင့် စာချုပ်စာတမ်းဖြင့် ချုပ်ဆိုထားသော ကတိကဝတ်များ ပျက်ပြားခဲ့ရသည့် လုပ်ငန်းများအတွက်လည်း သက်သာခွင့်များနှင့် ထောက်ပံ့မှုများပေး ရန် မျှော်လင့်လျက်ရှိကြပါသည်။

ဖေဖော်ဝါရီလကုန်၌ စီးပွားရေးလုပ်ငန်းများအားလုံး ပြန်လည်စတင်ခဲ့မည်ဆိုလျှင် ပထမနှင့် ဒုတိယလေးလပတ်များ၌ စီးပွားရေးတိုးတက်မှုနှုန်းမှာ (၀.၈) ရာခိုင်နှုန်း နှင့် (၀.၅) ရာခိုင်နှုန်းမျှသာ ကျဆင်းမည်ဖြစ်သဖြင့် ၂၀၂၀ ခုနှစ်အတွက် ယခင်ခန့်မှန်းခဲ့ သည့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းထက် (၀.၄) ရာခိုင်နှုန်းမျှသာ နည်းပါး နိုင်သည့်အတွက် ကမ္ဘာ့စီးပွားရေးကို များစွာထိခိုက်နိုင်မည် မဟုတ်ကြောင်းနှင့် ထိုကဲ့သို့သော နစ်နာမှုများ နည်းပါးနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထား ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ ဆင်ဟွာ (၄-၃-၂၀၂၀)နှင့် China Daily  (၄-၃-၂၀၂၀)

Category: China(Nanning)