China(Nanning)

စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိစေရန် လေ့လာထားရှိမှု

Last Updated:

ယေဘုယျကုန်စည်များအပေါ် တရုတ်နိုင်ငံ၏ ဈေးကွက်နှင့် ကိုက်ညီသည့် နိုင်ငံတကာစံချိန်စံညွှန်းများအား လေ့လာကြည့်ရာ အောက်ဖော်ပြပါအတိုင်း တွေ့ရပါသည်-

(၁) တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းအများစုမှာ နိုင်ငံတော်အဆင့် CCC (China Compulsory Certification) နည်းဥပဒေဖြင့် ပြဌာန်းထားသည့် စံချိန်စံညညွှန်းများအတိုင်း မဖြစ်မနေလိုက်နာရပါမည်။ လိုအပ်ချက် များမှာ ကုန်ပစ္စည်းအမျိုးအစားနှင့် အသုံးပြုပုံပေါ်မူတည်၍ကွာခြားပါသည်။ လက်မှတ်ပေးသည့်အဖွဲ့က ကုန်ပစ္စည်းအား စစ်ဆေးခြင်းပြီးမှ လက်မှတ်ထုတ်ပေးခြင်းဖြစ်ပါသည်။ ဤလက်မှတ်၏ သက်တမ်းမှာ နှစ်အနည်းငယ် အထိရှိပြီး လက်မှတ်ရပြီးလျှင်လည်း စံချိန်စံညွှန်းများ တသမတ်တည်းမီနေစေရန် နှစ်စဉ်စစ်ဆေးမှုများကို CCC လက်မှတ်ထုတ်ပေးရေးအဖွဲ့က အကောင်အထည်ဖော်သွားပါသည်။

(၂) ထို့ပြင် Certification CQC (Voluntary Product Certification of China Quality Certification Center) မှတဆင့် ၎င်း၏ဈေးကွက်သို့ ကုန်ပစ္စည်းမိတ်ဆက်တင်သွင်းမှုများကို အဆင်ပြေချောမွေ့စေရန်လည်း ဆန္ဒပြု ပါဝင်သော စံချိန်စံညွှန်းများကို တရုတ်က တည်ထောင်ထားပါသည်။ ဤလက်မှတ်ကို ထုတ်ပေးသည့် တရုတ်အစိုးရ၏ အခွင့်အာဏာရှိဌာနက ကုန်ပစ္စည်း တစ်ခုစီအတွက် ဆန္ဒပြုပါဝင်သည့် စံချိန်စံညွှန်းကို ဒီဇိုင်းရေးဆွဲ ထားပါသည်။ ဤလက်မှတ်ရရှိထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြသည့် တရုတ်စားသုံးသူများက ၎င်းတို့ ဝယ်ယူသည့်ပစ္စည်းမှာ တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းများ မီသည်ဟု ယုံကြည်ကြသည့်အတွက် ၎င်းလက်မှတ်ကို အထူးနှစ်လိုကြပါသည်။

အထက်ဖော်ပြပါ နိုင်ငံတကာမှ အသိအမှတ်ပြုသည့် စံချိန်စံညွှန်းလက်မှတ်များအပြင် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်စံချိန်စံညွှန်းဖြင့် စစ်ဆေးဆောင်ရွက်နေသည်များလည်း ရှိပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများနှင့် ရေထွက်ကုန်များအတွက် အထူးပြုဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှိနေပါသည်။ ၎င်းကိစ္စရပ်များ၏ ယေဘုယျတူညီသည့်အချက်များမှာ (တရုတ် အကောက်ခွန်စာရင်းတွင် ပါဝင်ခြင်းမရှိသေးလျှင်) တရုတ်နိုင်ငံသို့ တင်ပို့လိုကြောင်း လျှောက်ထား၍ နည်းပညာဆိုင်ရာမေးခွန်းများကို ဖြေကြားခြင်း၊ စိုက်ပျိုးရေးခြံ/ မွေးမြူရေးခြံ/ ငါးပုဇွန်ကန်များတွင် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ ရှိ၊ မရှိ တရုတ်နိုင်ငံဘက်မှ ကျွမ်းကျင်သူများက လာရောက်စစ်ဆေး၍ အတည်ပြုချက်ရယူခြင်း၊ လာရောက်စစ်ဆေးမှုများ အဆင်ပြေ၍ နှစ်ဘက်ညှိနှိုင်းပြီးသည့်အခါ အခြေပြစာချုပ် ချုပ်ဆိုကာ လူ၊ တိရိစ္ဆာန်နှင့် အပင်တို့၏ ကျန်းမာရေး၊ ပိုးမွှားရောဂါအန္တရာယ်ကင်းစင်ရေး(SPS) လက်မှတ်နှင့် အခြားလိုအပ်သည့် လက်မှတ်များ၏ ပုံစံနှင့်ထည့်သွင်းဖော်ပြရမည့် အချက်များကို အသိအမှတ်ပြု သဘောတူကြခြင်းတို့ ဖြစ်ကြပါသည်။

တနည်းအားဖြင့် အစိုးရစိုက်ပျိုးရေးဌာန၏ စီမံခန့်ခွဲမှုအောက်၌ ကျန်းမာရေးနှင့်ညီညွတ်စေမှုကို အဆင့်မြင့်မြင့်ဆောင်ရွက်ရန်၊ အပင်မှ ခူးဆွတ်ပြီးပါက သန့်ရှင်းရေးချက်ချင်းပြုလုပ်ပေးရန်နှင့် ရာသီကုန်ဆုံးမှသာ ခူးဆွတ်ရန်တို့အပါအဝင် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်(GAP)များကို အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။ ထို့ပြင် ပိုးမွှားနှင့် ရောဂါစောင့်ကြည့်စစ်ဆေးရေး၊ ဓါတုဗေဒဆိုင်ရာ သို့မဟုတ် ဇီဝဗေဒဆိုင်ရာ ထိန်းချုပ် ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကဲ့သို့သော ထိန်းချုပ်ရေးစီမံဆောင်ရွက်မှုများအား နေရာတကျထားရှိဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ၎င်းတို့နှင့် ကိုက်ညီသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားသည့် လုပ်ငန်းများ၏ စာရင်းအား တရုတ်အကောက်ခွန်ဌာနက အများပြည်သူသိရှိစေရန် ကြေငြာပေးလေ့ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)