China(Nanning)

စားသုံးမှုပုံစံအသစ်များအား အားပေးမြှင့်တင်သွားမည့်တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားများဖြစ်သည့် ဝန်ဆောင်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများနှင့် မြို့ငယ်များရှိ စားသုံးမှုများကို မြှင့်တင်သွားရန် မူဝါဒစီမံဆောင်ရွက်မှုများ ပိုမိုချမှတ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ နေ့စဉ်လူနေမှုဘဝနှင့် ထုတ်လုပ်မှုများမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့်  တစ်ကမ္ဘာလုံးပျံ့နှံ့ဖြစ်ပွားနေသည့် ကပ်ရောဂါပြီးဆုံးပြီးနောက် စားသုံးသူဝယ်လိုအားမှာ မူလအခြေအနေသို့ ပြန်လည် ရောက်လာမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အွန်လိုင်းပေါ်မှ ဈေးရောင်းချခြင်းနှင့် အခြားအွန်လိုင်းဝန်ဆောင်မှုများမှာ စီးပွားရေးဖွံ့ဖြိုးမှု၏ တွန်းအား အသစ်များဖြစ်လာကြောင်း၊ စားသုံးမှုများကို ပိုမိုမြင့်မားသော အဆင့်အတန်းရောက်ရှိစေရန် မြှင့်တင်ရေးနှင့် စားသုံးမှုပုံစံအသစ်များ ဖော်ထုတ်သတ်မှတ်ရေး တို့အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း  တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်အောက်ရှိ အလုပ်အကိုင်နှင့် ဝင်ငွေပေးဝေမှုဌာန၏ ညွှန်ကြားရေးမှူးချုပ် Ha Zengyouက မတ်လ(၁၈)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်အနေဖြင့်  5G ကွန်ယက်များနှင့် ဒေတာစင်တာများ တည်ဆောက်ခြင်းကဲ့သို့သော အခြေခံအဆောက်အအုံ သစ်တည်ဆောက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အွန်လိုင်းပေါ်မှ ရောင်းချမှုနှင့် အွန်လိုင်းပြင်ပတွင် ရောင်းချမှုနှစ်ရပ်လုံး၏ ဖွံ့ဖြိုးမှုအား မြှင့်တင်ကာ၊ စမတ်နည်းပညာသုံး သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့်ကုန်စည်များ အသုံးပြုမှုကို အားပေးမြှင့်တင်သွားမည်ဖြစ်ပါသည်။

စားနပ်ရိက္ခာနှင့် အဝတ်အထည်ကဲ့သို့သော အခြေခံကုန်စည်များအား ဝယ်လိုအားကို ခိုင်မာစေကာ၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းနှင့် အစားအသောက် ပြင်ဆင်ချက်ပြုတ် ပေးသောလုပ်ငန်းတို့ကို မြှင့်တင်လျက်၊  သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် စောင့်ရှောက် ရေးကဏ္ဍများရှိ စွွမ်းဆောင်ရည်ကို တိုးချဲ့ပြီး ပိုမိုအရည်အသွေးပြည့်ဝလာစေရန် မြှင့်တင်သွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် တတိယအဆင့်နှင့် စတုတ္ထအဆင့် မြို့ငယ်များ နှင့် ကျေးလက်ဈေးကွက်များမှ ဝယ်လိုအားတို့ကိုလည်း ဖော်ထုတ်သွားမည်ဟု သိရပါ သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဈေးကွက်လည်ပတ်မှုနှင့် စားသုံးမှုမြှင့်တင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Wang Bin ကလည်း ကပ်ရောဂါ၏ ရေတိုကာလ သက်ရောက်မှုမှာ ကြီးမားနိုင်ကာ၊ အလယ်အလတ်ကာလ သက်ရောက်မှုမှာ အသင့်အတင့်ရှိနိုင်ကြောင်း၊ သို့ရာတွင် ရေရှည်ကာလ၌ တရုတ်၏ စားသုံးမှုကဏ္ဍမှာ တဖြည်းဖြည်းနှင့်ပြန်လည်နာလန်ထူလာနိုင်ကြောင်း၊ အစိုးရဘက်မှ အထောက်အကူပြုသောမူဝါဒများ ချမှတ်ပေး နေသဖြင့် အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စီးပွား/ကူးသန်းဌာနမှ ထိန်းကျောင်းကြပ်မတ်မှုအရ ယခုအခါ အဓိကလက်လီလုပ်ငန်းများ၏ ပျမ်းမျှ နေ့စဉ်ရောင်းချမှုမှာ ဖေဖော်ဝါရီလလယ်ကထက် (၅.၆) ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရကြောင်း၊ အစိုးရဘက်မှ မော်တော်ယာဉ်များ၊ ပရိဘောဂများနှင့် အိမ်အသုံးအဆောင်များ၏ ဝယ်လိုအားကို စေ့ဆော်ပေးမည့် ပံ့ပိုးမှုများအား ပိုမိုပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတစ်ဝှမ်း၌ မော်တော်ယာဉ်ဝယ်ယူမှု အတွက် ကန့်သတ် ထားချက်များကို ဖြေလျှော့ပေးသွားကာ၊ လျှပ်စစ်ပစ္စည်းများအတွက် ထုတ်လုပ်သူများအား အားပေးမည့် ဆုကြေးနှင့် လျော်ကြေးမူဝါဒများ ကိုလည်း ချမှတ်သွားရေး ပြည်နယ်အစိုးရများအား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်ခရီးသည်တင်မော်တော်ယာဉ်အသင်းမှ ထုတ်ပြန်ချက်အရ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း မတ်လ (၁၅) ရက်နေ့အထိ ခရီးသည်တင်မော်တော် ယာဉ်ရောင်းချမှုမှာ ယမန်နှစ်ကထက် (၄၇) ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ဖေဖော်ဝါရီလ တစ်လတည်းမှာပင် (၇၉) ရာခိုင်နှုန်းဖြစ်သည့် အစီးရေ (၃၁၀,၀၀၀) ခန့်ကို ရောင်းချခြင်း မပြုနိုင်ခဲ့ကြောင်း သိရပါသည်။

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၉-၃-၂၀၂၀)

Category: China(Nanning)