Singapore

စင်ကာပူ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ ပထမ(၃)လပတ်အတွင်း ၀.၈ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

Last Updated:

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်မှ စီးပွားရေးပညာရှင်များနှင့် စိစစ်ရေးမှူးများက ပြုလုပ်ခဲ့သော (၃) လပတ်စစ်တမ်းအရ စင်ကာပူ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ ပထမ (၃) လပတ်တွင် ၀.၈ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းနှင့် ယင်းအားရဖွယ် မရှိသော အစပိုင်းအခြေအနေက ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအတွက် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းသာ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

အဆိုပါခန့်မှန်းချက်များအတွက် အဓိကအကြောင်းရင်းတစ်ခုမှာ COVID-19 ရောဂါပြန့်ပွားသည့်အခြေအနေကြောင့်ဖြစ်သော်လည်း စစ်တမ်းမေးခွန်းလွှာများ ဖြန့်ဝေခဲ့သော ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ယခုကဲ့သို့ ကမ္ဘာအနှံ့အပြား ရောဂါပိုမိုပြန့်ပွား နေမှု၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှု တစ်ရှိန်ထိုးမြင့်တက်လာခဲ့သည့် လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားမှုမပြုခဲ့သေးကြောင်း၊ ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကိုမူ ယခင် ခန့်မှန်းချက် ၁.၅ ရာခိုင်နှုန်းထက် များစွာလျှော့ချခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်ကုန်သွယ်ရေးတင်းမာမှု မြင့်တက်လာနိုင်ဖွယ်အခြေအနေ၊ နိုဝင်ဘာလတွင် ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ အပါအဝင် ပထဝီနိုင်ငံရေးအခြေအနေများအပေါ် စိုးရိမ်မှုများကိုလည်း ဖော်ပြထားပါသည်။

စစ်တမ်းအရ ၂၀၂၀ ခုနှစ်၌ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၀.၃ ရာခိုင်နှုန်း၊ လက်ကားကုန်သွယ်မှုနှင့် လက်လီရောင်းဝယ်ရေးလုပ်ငန်းကဏ္ဍများတွင် ၀.၇ ရာခိုင်နှုန်း၊ တည်းခိုနေထိုင်ရေးနှင့် အစားအစာဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ၁.၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း မှာ ၂ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore