Singapore

စင်ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ခုနှစ်၊ ပထမ(၃)လပတ်တွင် ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့၊ ၂၀၂၀ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်းမှာ (-) ၄ ရာခိုင်နှုန်း မှ (-) ၁ ရာခိုင်နှုန်းဘောင်အတွင်း ကျဆင်းနိုင်

Last Updated:

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၂၆ -  ၃ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော ရှေ့ပြေးခန့်မှန်းစာရင်းအရ စင်ကာပူ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ ပထမ (၃) လပတ်တွင် ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ၁ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ပေါ်မည်ဟု ယခင်ကြိုတင် ခန့်မှန်းချက်နှင့် ဆန့်ကျင်ဘက်ရလဒ် ပေါ်ထွက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမ(၃)လပတ်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါ က ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ စတုတ္ထ(၃)လ ပတ်တွင် ဖြစ်ပေါ်ခဲ့သော ၂.၃ ရာခိုင်နှုန်း ကျဆင်းမှုအခြေအနေထက် ဆိုးရွားမှု သက်သာခဲ့ကြောင်း၊  ဤကာလအတွင်း ဇီဝဆေးဝါး နှင့် တိကျအင်ဂျင်နီယာလုပ်ငန်း ကဏ္ဍများတွင် ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အီလက်ထရွန်နစ် နှင့် ဓာတုဗေဒပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် ကျဆင်းမှုအခြေအနေက ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုလုံးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ ပထမ(၃)လပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၌ ၄.၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ ယခင်(၃)လပတ်တွင် ပေါ်ပေါက်ခဲ့သော ၄.၃ ရာခိုင်နှုန်း တိုးတက်မှု အခြေအနေနှင့် ရလဒ်ပြောင်းပြန် ဖြစ်ပေါ်ခဲ့ကြောင်း၊ ရောဂါထိန်းချုပ်နိုင်ရန် မြို့များကို သီးသန့် ထိန်းချုပ်ထားခြင်းနှင့် ခရီးသွားလာရေးကို ကန့်သတ်လိုက်ခြင်း အစီအမံတို့ကြောင့် ကုန်ထုတ်လုပ်မှုကွင်းဆက်ပြတ်တောက်ခြင်း၊ နိုင်ငံခြားလုပ်သားများ စင်ကာပူသို့ ပြန်လည်ဝင်ရောက် နိုင်မှုနှောင့်နှေးခြင်းတို့ကြောင်း အဓိကအားဖြင့် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ်၊ ပထမ(၃)လပတ်တွင် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍသည်လည်း ၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခင် (၃)လပတ်တွင် ပေါ်ပေါက်ခဲ့သည့် တိုးတက်မှုနှုန်း ၁.၅ ရာခိုင်နှုန်းထက် လျှော့ကျခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းစားသုံးမှုကျဆင်းခြင်းနှင့်အတူ နိုင်ငံခြားခရီးသည်ဝင်ရောက်မှု ရုတ်တရက်ကျဆင်းခြင်း တို့ကြောင့် လေကြောင်းပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး၊ အစားအသောက်ဝန်ဆောင်မှုနှင့် လက်လီအရောင်းအဝယ်လုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း၊ ကုန်ထုတ် လုပ်မှုကွင်းဆက်ပြတ်တောက်မှုနှင့် ပြည်ပဝယ်လိုအားကျဆင်းမှုအခြေအနေတို့ကြောင့် လက်ကားကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး လုပ်ငန်း ကဏ္ဍများသည်လည်းထိခိုက်ခဲ့ကြောင်း၊ သို့ရာတွင် သတင်းအချက်နှင့်ဆက်သွယ်ရေး၊ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းကဏ္ဍများတွင် တိုးတက်မှုဖြစ်ပေါ် ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ခုနှစ်အတွက် စင်ကာပူ၏ စီးပွားရေးအခြေအနေကို လွန်ခဲ့သည့် ဖေဖော်ဝါရီလက ခန့်မှန်းခဲ့ရာ၌ COVID-19 ရောဂါဖြစ်ပွားနေမှုအခြေအနေကြောင့် စီးပွားရေး တိုးတက်မှုနှုန်းမှာ အနုတ်(-) ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းဘောင်အတွင်းသာ ရရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ ယခုအခါ ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံ သာမက အခြားနိုင်ငံများသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ လျက်ရှိပြီး၊ ရောဂါထိန်းချုပ်နိုင်ရေးအစီအမံများကြောင့် ကုန်ထုတ်လုပ်မှုကွင်းဆက်ပြတ်တောက်မှု နှင့် ပြည်ပ ဝယ်လိုအား ထိခိုက်မှုဖြစ်ပေါ်လာကာ စင်ကာပူ၏ ပြည်ပစျေးကွက်များအား အဓိကမှီခို ဆောင်ရွက်သော လုပ်ငန်းကဏ္ဍများဖြစ်သည့် ကုန်ထုတ်လုပ်မှုနှင့် လက်ကား ကုန်သွယ်ရေးလုပ်ငန်း ကဏ္ဍများအပေါ် ဆိုးရွားစွာသက်ရောက်နိုင်ကြောင်း၊ နိုင်ငံခြားခရီးသွားလာမှု တစ်ဟုန်ထိုးကျဆင်းမှုကြောင့် ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ဆိုးရွားစွာထိခိုက်လျက်ရှိပြီး၊ ပြည်တွင်းစားသုံးမှု ကျဆင်းခြင်းကြောင့် လက်လီအရောင်းအဝယ်လုပ်ငန်းနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ သည်လည်း ဆိုးရွားသော သက်ရောက်မှု ဖြစ်ပေါ်နေသည့် အခြေအနေတို့ကြောင့် ၂၀၂၀ ခုနှစ်တစ်နှစ်ပတ်လုံးအတွက် စီးပွားရေး တိုးတက်မှုနှုန်းမှာ (-) ၄ ရာခိုင်နှုန်းမှ (-) ၁ ရာခိုင်နှုန်းဘောင်အတွင်း ကျဆင်းနိုင်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Release, Ministry of Trade & Industry, Singapore

Category: Singapore