Singapore

စင်ကာပူရှိ လုပ်သား ၁၈၇,၀၀၀ ကျော်သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ မေလအထိ (၃) လအတွင်း လုပ်ခလစာရရှိမှု ထိခိုက်ခဲ့

Last Updated:

အလုပ်ရှင် ၄,၈၀၀ ကျော်သည် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှ မေလအထိ (၃) လအတွင်း ၎င်းတို့ခန့်အပ်ထားသောဝန်ထမ်းများ၏ လုပ်ခလစာရရှိမှုအပေါ် သက်ရောက်မှုဖြစ်ပေါ်စေခဲ့သည့် ကုန်ကျစရိတ်သက်သာစေရေးအစီအမံများကို ဆောက်ရွက်ခဲ့ရပါ ကြောင်းလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသို့ အသိပေး အကြောင်း ကြားစာပေးပို့တင်ပြခဲ့ကြပြီး၊ အဓိကအား ဖြင့် ကိုဗစ် ၁၉ ၏ ဆိုးရွားသောရိုက်ခတ်မှုဒဏ်ကို ခံစားကြရသည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် ယင်းအစီအမံတို့ကြောင့် လုပ်သားဦးရေ ၁၈၇,၀၀၀ ကျော်တို့၏ ပုံမှန်လုပ်ခလစာရရှိမှုအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရှိရပါသည်။

ဝန်ထမ်းအင်အား ၁၀ ယောက်နှင့်အထက်ရှိသော လုပ်ငန်းများသည် ဝန်ထမ်းများ၏ လုပ်ခလစာအပေါ်သက်ရောက်မှုရှိမည့် အသုံးစရိတ်လျှော့ချရေးအစီအမံများကို ဆောင်ရွက်ကြ မည်ဆိုပါက ဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားစာ ပေးပို့တင်ပြရန် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ လုပ်သားဦးရေ ၁၈၇,၀၀၀ ကျော်သည် အိမ်အကူများမပါဝင်ဘဲ စင်ကာပူနိုင်ငံရှိ စုစုပေါင်းလုပ်သားအင်အား၏ ၅ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ အများစုမှာ လစာ၏ ၂၅ ရာခိုင်နှုန်း အထိ လျှော့ချခြင်းခံခဲ့ကြရကြောင်း၊ ယင်းလုပ်သားများအနက်မှ ၄၅,၀၀၀ ခန့်သည် တည်းခို နေထိုင်ရေးနှင့် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများမှဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ လုပ်သား ၂၅,၀၀၀ ခန့်နှင့် လက်လီအရောင်းအဝယ်လုပ်ငန်း နှင့်လက်ကားကုန်သွယ်ရေး လုပ်ငန်းများမှ ဦးရေ ၁၉,၀၀၀ ခန့် ပါဝင်ကြောင်း၊  ဝန်ကြီးဌာနသို့ အသိပေးအကြောင်းကြားစာ ပေးပို့မှုအရေအတွက်စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းသည် ဟိုတယ်နှင့် စားသောက်ဆိုင်များ ကဲ့သို့သော တည်းခိုနေထိုင်ရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများမှဖြစ်ပြီး၊ ဆောက်လုပ် ရေးလုပ်ငန်းများမှ ၁၆ ရာခိုင်နှုန်းနှင့် လက်လီအရောင်းအဝယ် လုပ်ငန်းနှင့်လက်ကားကုန်သွယ် ရေးလုပ်ငန်းတို့မှ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အထူးသဖြင့် လုပ်ငန်းများက ၎င်းတို့၏ အသုံးစရိတ်များလျှော့ချနိုင်ရေးအတွက် ကျင့်သုံး ဆောင်ရွက်ခဲ့ကြသောအစီအမံများတွင် ဝန်ထမ်းများအား လစာမဲ့ခွင့်ပေးခြင်း၊ လစာလျှော့ချ ခြင်းနှင့် အလုပ်ချိန်လျှော့ချခြင်းတို့ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်မှု အပေါ်တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုမရှိဟုဆိုကာ လုပ်သား ၆၀၀ ခန့်သည် ဝန်ကြီးဌာနသို့ တိုင်ကြားမှုများပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်တန်းမှုများအနက် ၇၅ ရာခိုင်နှုန်းသည် အလုပ်ရှင်များက၎င်းတို့ ဆောင်ရွက်ခဲ့ကြရသော အသုံးစရိတ် လျှော့ချရေးအစီအမံများအား ဝန်ထမ်းများကို သေချာစွာရှင်းလင်းပြောကြားမှုမရှိသည့်အတွက် နှစ်ဘက်နားလည်မှုလွှဲမှားကြရခြင်းဖြစ် ကြောင်း သိရှိရပါသည်။     

တိုင်တန်းမှုအများစုမှာ လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများ၏အလုပ်အကိုင်တည်မြဲရေးအတွက် အစိုးရ၏ ထောက်ပံ့ငွေများကိုရရှိကြပါလျက် ၎င်းတို့၏ဝန်ထမ်းအား လစာမဲ့ခွင့်ယူရန် သို့မဟုတ် နှစ်စဉ်ခွင့်ရက်လက်ကျန်တို့အား ခံစားကြရန် တိုက်တွန်း ပြောကြားခြင်းတို့မှာ တရားမျှတမှုမရှိဟုထင်မြင်သောအချက်ဖြစ်ကြောင်း၊ သို့ရာတွင် အချို့သောလုပ်ငန်းရှင်များမှာလည်း အစိုးရ၏ အထောက်အပံ့အစီအစဉ်ကို မည်သို့အသုံးချ ဆောင်ရွက် ရမည်နှင့် မည်မျှအထိ ထောက်ပံ့ငွေရရှိမည်တို့ကို သေချာစွာ မသိရှိကြသောကြောင့် အထင် အမြင်လွှဲမှားမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဖော်ပြထားပါသည်။

ဤကာလအတွင်း ဝန်ထမ်းများ၏ အလုပ်အကိုင်တည်မြဲစေရေး အထောက်အကူပြုပေးနိုင်ရန်အတွက် လုပ်ငန်းကဏ္ဍအပေါ်မူတည်၍ လုပ်ငန်းများက ကျခံရသည့် လုပ်ခလစာများ၏ ၂၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိကို အစိုးရမှ လုပ်ငန်းများသို့ အထောက်အပံ့ပြုပေးမည့် (Jobs Support Scheme) အစီအစဉ်မှာ ဧပြီလမှသာ စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့ပေးရာတွင်လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ငန်းများက ပေးချေခဲ့သော လုပ်ခလစာများအပေါ်မူတည်၍ တွက်ချက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော တိုင်တန်းမှုဖြစ်စဉ်များကို အလုပ်ရှင်နှင့် အလုပ်သမားအကြားကောင်းစွာ အသိပေးရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ စိန်ခေါ်မှုရှိသောကာလများ၌ စွန့်လွှတ်မှုအချို့ကို အတူတကွနားလည်မှုရှိစွာ ပြုလုပ်ကြခြင်းဖြင့် လည်းကောင်းရှောင်လွှဲသွားနိုင်မည်ဟု လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore