Singapore

စင်ကာပူနှင့် ကိုရီးယား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများစတင်ပြုလုပ်

Last Updated:

ကိုရီးယား-စင်ကာပူ ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Korea – Singapore Digital Partnership Agreement – KSDPA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ပြုလုပ်ပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Mr Chan Chun Sing နှင့် ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Mrs Yoo Myung Hee တို့က ၂၂ - ၆ - ၂၀၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် အသိပေးကြေညာခဲ့ကြကြောင်း သိရှိရပါသည်။

စင်ကာပူနှင့် ကိုရီးယားနှစ်နိုင်ငံ ပြည်သူများအကြား၊ စီးပွားရေးလုပ်ငန်းများအကြား ကုန်သွယ်မှုမြှင့်တင်ပေးနိုင်သော၊ ယုံကြည်စိတ်ချရသည့် အချက်အလက်များ စီးဆင်းနိုင်သော၊ ပိုမိုကောင်းမွန်သည့် စျေးကွက်ဝင်ရောက်နိုင်မှု၊ ချိတ်ဆက်မှုနှင့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ဖြင့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုကြောင်း၊ KSDPA သည် နှစ်နိုင်ငံလုံးအတွက် ဒီဂျစ်တယ်စီးပွားရေးက ဖန်တီးပေးမည့် အခွင့်အလမ်းများ ကိုရယူနိုင်ရေးနှင့် လျင်မြန်စွာရှေ့တက်လှမ်းနိုင်ရေးအတွက် အထောက်အကူပြုပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Mr Chan Chun Sing  ကပြောကြားခဲ့ပါသည်။ ဤစာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် ကိုယ်ပိုင်အချက်အလက် ကာကွယ်ရေး၊ နိုင်ငံဖြတ်ကျော်အချက်အလက်စီးဆင်းမှု၊ ဒီဂျစ်တယ်အထောက် အထားများ၊ ငွေရေးကြေးရေးဆိုင်ရာနည်းပညာ (Fintech)၊ မှတ်ဉာဏ်တု (Artificial Intelligence) အုပ်ချုပ်ရေးမူဘောင်များစသည့် အသစ်ပေါ်ထွက်လာသော ဒီဂျစ်တယ်နယ်ပယ်များတွင် နှစ်နိုင်ငံအကြား လေးလေးနက်နက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံရှိ SME လုပ်ငန်းများအကြား ချိတ်ဆက် ဆောင်ရွက်မှုကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူနိုင်ငံသည် ချီလီ၊ နယူးဇီလန်တို့နှင့် ပထမဆုံး ဒီဂျစ်တယ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို ၁၂ - ၆ -၂၀၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ သြစတြေးလျနှင့် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများအား အဆုံးသတ်ထားပြီးဖြစ်ကြောင်းလည်း ၂၃ - ၃ - ၂၀၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry, Singapore

Category: Singapore