Singapore

စင်ကာပူနိုင်ငံ၏ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆက်သွယ်ရေးလုပ်ငန်း (၄) ခုအား 5G ကွန်ရက်လုပ်ငန်းဆောင်ရွက်ခွင့်ပြု

Last Updated:

စင်ကာပူနိုင်ငံ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင် (Infocomm Media Development Authority - IMDA) သည် လုပ်ငန်းများ၏ အဆိုပြုတင်ပြချက်ဖြစ်သော Call for Proposal - CFP ကို တင်းကျပ်စွာ စိစစ်သုံးသပ် ပြီးနောက် ဆက်သွယ်ရေးလုပ်ငန်း (၄) ခုအားရွေးချယ်၍ 5G ကွန်ရက် လုပ်ငန်း ဆောင်ရွက်ခွင့်များကို ၂၄ - ၆ - ၂၀၂၀ ရက်နေ့တွင် အပြီးတိုင်ခွင့်ပြုချက်ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဤသို့ 5G ကွန်ရက်တည်ဆောက်ရေးလုပ်ကိုင်ခွင့်ပြုခြင်းသည် စင်ကာပူ၏ ဒီဂျစ်တယ် စီးပွားရေးအတွက် အဓိကအရေးပါသော ကမ္ဘာ့အဆင့်မီ 5G အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများက ခွင့်ပြုလိုင်စင်သက်တမ်း ၁၅ နှစ်အတွင်း 5G အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများစွာကို ပြုလုပ်ကြမည်ဖြစ်သောကြောင့် စင်ကာပူနိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဖော်ပြနေပါကြောင်း ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး S. Iswaran က ပြောကြားခဲ့ပါသည်။

တစ်နိုင်ငံလုံးအနှံ့ 5G ကွန်ရက်လုပ်ကိုင်ခွင့် (၂)ခုကို ခွင့်ပြုခဲ့ရာ Singtel Mobile Singapore Pte Ltd (Singtel) က လိုင်စင်တစ်ခုရရှိပြီး၊ StarHub Mobile Pte Ltd (StarHub) နှင့် M1 Limited (M1) တို့က ပူးပေါင်းဖွဲ့စည်းထားသော ဖက်စပ်လုပ်ငန်းက လိုင်စင်တစ်ခုကိုရရှိခဲ့ပါသည်။ ၎င်းတို့သည် ဆွီဒင်နိုင်ငံ၏ Ericsson နှင့် ဖင်လန်နိုင်ငံ၏ Nokia နည်းပညာတို့ကို အသုံးပြုသွားမည်ဖြစ်ပါသည်။ TPG Telecom Pte Ltd (TPG) ဆက်သွယ်ရေးလုပ်ငန်းမှာ ပိုမိုအရွယ်အစားသေးငယ်သော 5G ကွန်ရက်လုပ်ငန်း ဆောင်ရွက်ခွင့်ကို ရရှိခဲ့ပြီး၊ တရုတ်နိုင်ငံ၏ Huawei နည်းပညာကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မူလစီမံကိန်းကာလသတ်မှတ်ချက်အတိုင်း ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စင်ကာပူနိုင်ငံ တစ်ဝက်ကို ကွန်ရက်လွှမ်းခြုံနိုင်ရန်နှင့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအနှံ့ လွှမ်းခြုံ နိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ အကွာအဝေးတိုသော မီလီမီတာလေလှိုင်း 5G ကွန်ရက်များကို မူ ယခုနှစ်အတွင်း ဆောလျင်စွာ စတင်ဆောင်ရွက်သွားနိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore