Japan

ငွေကြေးပိုင်း ဖြေလျော့မှုဆိုင်ရာ အရေးပေါ်ဆောင်ရွက်ချက်များ ဂျပန်ဗဟိုဘဏ် (BOJ) ဆောင် ရွက်မည်ဖြစ်ကြောင်းကြေငြာခဲ့

Last Updated:

ကမ္ဘာ့ကပ်ရောဂါဖြစ်လာသည့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများ လျော့နည်းသက်သာစေရန်  အရေးယူဆောင်ရွက်ချက်များချမှတ် ဆောင်ရွက်ရန် ဂျပန်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

BOJ အနေဖြင့် မူလလျာထားသည်ထက် ၂ ရက်စော၍ တနင်္လာနေ့ (မတ်လ ၁၆) ရက် နေ့တွင် ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ BOJ က ငွေကြေး ဝယ်ယူရန်ထားရှိသည့် ရန်ပုံငွေကို လက်ရှိပမာဏ ယန်း ၆ ထရီလီယံမှ ယန်း ၁၂ ထရီလီယံ အထိတိုးမြှင့်ရန်ပြင်ဆင်နေပြီး  အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ပမာဏကိုလည်း ၂ ဆ တိုးကာ ၁ နှစ်လျှင် ယန်း ၁၈၀ ဘီလီယံအထိတိုးမြှင့်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပါသည်။

စီးပွားရေးလုပ်ငန်းများအကြား ငွေကြေးစီးဆင်းမှုပိုမို များပြားလာစေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးရောင်းဝယ်မှု စာချုပ်စာတမ်းများနှင့် ကုမ္ပဏီများ၏ ငွေချေး စာချုပ်များအပေါ် ယန်း ၁ ထရီလီယံနှုန်းစီဖြင့် မြှင့်တင်ဝယ်ယူရန် ပြင်ဆင်နေကြောင်း သိရပါသည်။ ၎င်းအပြင် ငွေကြေးမူဝါဒ ရေးဆွဲသူများအနေဖြင့် ငွေထုတ်ချေးရေးနှင့်ပတ်သက်သည့် အစီအစဉ်သစ်ကိုလည်းချမှတ်ကျင့်သုံးရန် ပြင်ဆင်နေကြပါသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပြန့်ပွားနေခြင်းသည် ကမ္ဘာ့နိုင်ငံအတော်များများ၏ ငွေကြေးစျေးကွက်များကို ကသောင်းကနင်းဖြစ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးအလားအလာသည်လည်းမသေချာမှုများနှင့်ရင်ဆိုင်နေရပါသည်။ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းများ အင်အားလျော့ပါးလာခြင်းသည်  ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု၏ သက်ရောက်မှုကြောင့် ဖြစ်သည်ဟု  BOJ က လက်ခံခဲ့ပြီး BOJ အနေဖြင့် နိုင်ငံအတွင်းမှ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများထံ အတိုးမဲ့ချေးငွေများ ထုတ်ချေးရန်၊ ရောင်းအားကျဆင်းနေသည့် ကုမ္ပဏီများကိုလည်း ချေးငွေများပေးပို့ကာ ငွေချေးယူနိုင်ရေး တိုက်တွန်းသွားဆောင်ရွက်ရန် ပြင်ဆင်နေပါသည်။

BOJ ၏ အကြီးအကဲ Mr. Haruhiko Kuroda က BOJ အနေဖြင့် ယခုကဲ့သို့ အရေးပေါ် စီမံဆောင်ရွက်မှုများ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးရန်ဖြစ်ပြီး BOJ မှ ဆုံးဖြတ်ချက်များသည် ဂျပန်နိုင်ငံအနေဖြင့် အခြားနိုင်ငံအစိုးရများနှင့် ဗဟိုဘဏ်များက ဗိုင်းရပ်အပေါ် တုံ့ပြန်ဆောင်ရွက်မှုများနှင့်အလားတူ တုံ့ပြန်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

BOJ ၏ အဆိုပါ ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်လိုက်ပြီးနောက် တိုကျိုစတော့ စျေးကွက် ၏ နစ်ကေးအညွှန်းကိန်းသည် ပြီးခဲ့သည့် မတ်လ ၁၃ ရက် (သောကြာ နေ့) က စျေးပိတ်ချိန်ထက် အမှတ် ၃၀၀ ကျော်အထိ ခေတ္တမြင့်တက်လာခဲ့ပါသည်။ သို့သော် လည်းနိုင်ငံ့စီးပွားရေးကျဆင်းလာမှုအပေါ် စိုးရိမ်ကြောင့်ကြမှုများ ကြောင့်  မတ်လ ၁၆ ရက်နေ့ (တနင်္လာနေ့) စတော့စျေးကွက် ပိတ်ချိန်တွင်  နစ်ကေးအညွှန်းကိန်းသည် ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan