Japan

ဂျပန်နိုင်ငံ၏ စီးပွားရေးအလားအလာအပေါ် မျှော်လင့်ချက် ကျဆင်းလာသည့်အတွက် စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း BOJ ၏ မူဝါဒရေးဆွဲသူများ သုံးသပ်ပြောဆို

Last Updated:

ဂျပန်ဗဟိုဘဏ်က လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်မည့် တန်းကန်းစစ်တမ်းတွင် နိုင်ငံ၏စီးပွားရေးအပေါ် ယုံကြည်အားထားမှုကျဆင်းနိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူပညာရှင်များက တွက်ဆနေကြောင်းသိရပါသည်။ သုံးလတစ်ကြိမ်ထုတ်ပြန် သည့် အဆိုပါစစ်တမ်းတွင် ကုမ္ပဏီပေါင်း ၁၀၀၀၀ ခန့်နှင့် စီးပွားရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များအပေါ် မည်သို့သဘောထားရှိကြောင်း မေးမြန်းသုံးသပ်ချက်များပါဝင်ပါသည်။

ပုဂ္ဂလိကကဏ္ဍရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၁၀ ဖွဲ့ ၏ လေ့လာသုံးသပ်သူများက  ကုန်ထုတ်လုပ်ငန်းကြီးများ လုပ်ငန်းဆောင်ရွက်မှုအတွက် အညွှန်းကိန်းသည်  အနှုတ် ၂၃ မှတ်မှ အနှုတ် ၃၈ မှတ် အကြားအထိ ကျဆင်းသွားနိုင်ကြောင်း၊ အဆိုပါအချက်သည်  ကမ္ဘာ့ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေကထက်ပင် ပိုမိုနိမ့်ကျလာသည့် အဆင့်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သည့် သုံးလပတ်ကာလ တန်းကန်းစစ်တမ်းတွင်  အနှုတ် ၈ မှတ် ရှိခဲ့ကြောင်းပြောဆို ခဲ့ပါသည်။ ကုန်ထုတ်လုပ်ငန်းကြီးများ မဟုတ်သည့် အခြားသောကုမ္ပဏီများအတွက် အညွှန်းကိန်းသည်လည်း  အနှုတ် ၇ မှတ် မှ  အနှုတ် ၃၀ မှတ် အကြားထိ ကျဆင်းသွားဖွယ်ရှိကြောင်း သုံးသပ်နေကြပါသည်။

ဂျပန်အစိုးရက ယခုလအတွင်း ကန့်သတ်မှုများကို  ဖြေလျှော့ခဲ့ပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများသည်လည်း ပြန်လည်လှုပ်ရှားရှင်သန်လာပြီဖြစ်ပါသည်။ သို့သော် လည်းလာမည့် ဇူလိုင်လတွင် ထုတ်ပြန်မည့် တန်းကန်းစစ်တမ်းတွင် ဧပြီလနှင့် မေလ အတွင်းက အကျပ်အတည်း ရင်ဆိုင်ခဲ့ကြရသည့် စီးပွားရေးလုပ်ငန်း အခြေအနေ များ၏ သက်ရောက်မှုကြောင့် စစ်တမ်းသုံးသပ်ချက်တွင် ဆက်လက်ကျဆင်းနေမည့် အခြေအနေပင်ဖြစ်ပါကြောင်းသိရပါသည်။

ထို့အပြင် ဂျပန်ဗဟိုဘဏ် (BOJ) ၏ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မူဝါဒဆိုင်ရာ အစည်းအဝေး၏ အကျဉ်းချုပ်သုံးသပ်ချက်အရ COVID-19 ကပ်ရောဂါ၏ ဂယက်ရိုက်မှုကြောင့် နိုင်ငံ၏စီးပွားရေးသည်  စိုးရိမ်ရသည့် အနေအထားတွင်ရှိနေဆဲ ဖြစ်ကြောင်း မူဝါဒရေးဆွဲသူများက ပြောကြားခဲ့ကြောင်းသိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးပြန်လည်နာလန်ထူလာမည့်အခြေအနေသည် နှေးကွေးနိုင်ဖွယ်ရှိပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို ထည့်သွင်းစဉ်းစားလာကြမှုကြောင့် လူအများ၏နေထိုင်မှုပုံစံများ ပြောင်းလဲလာကြပြီး သမားရိုးကျ ဝန်ဆောင်မှု လုပ်ငန်းများ ကျင့်သုံးဆောင်ရွက်မှု ကျဆင်းလာခြင်း၏ သက်ရောက်မှုများကြောင့်ဖြစ်ပါကြောင်း  မူဝါဒရေးဆွဲသူ အရာရှိတစ်ဦးက မှတ်ချက်ပြုပြောဆိုခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan