Japan

ဂျပန်နိုင်ငံရှိ SME ကုမ္ပဏီများနှင့် လက်လီဖြန့်ချိသူများအား ဝန်ထမ်းများ၏ အလုပ်အကိုင်များ ဆက်လက် ထိန်းထားပေးရန် ဝန်ကြီးချုပ်ကတောင်းဆိုခဲ့

Last Updated:

ဂျပန်ဝန်ကြီးချုပ် Mr. Shizo Abe က  နိုင်ငံအတွင်းရှိ SME ကုမ္ပဏီများနှင့် လက်လီဖြန့်ချိသူများအား ဝန်ထမ်းတွေ ဆက်ခံထားရန် တောင်းဆိုခဲ့ပြီး အစိုးရအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်ချက်များတွင် ပံ့ပိုးကူညီပေးမည်ဟု ကတိပြုခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသည့်ကာလအတွင်းနိုင်ငံ၏ စီးပွားရေးအင်အား ထပ်မံ ဖြည့်တင်းမှုတစ်ခုဆောင်ရွက်ရန် ဖြစ်နိုင်ချေရှိမှုအပေါ် စီးပွားရေးနယ်ပယ် လုပ်ငန်းရှင်များ၏ သဘောထား အမြင်များကို ဖလှယ်ရန် မတ်လ ၂၁ ရက်နေ့က ဝန်ကြီးချုပ် ရုံခန်းတွင် ကျင်းပခဲ့သည့်  အထူးကြားနာပွဲ၏ တတိယမြောက်နေ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဂျပန်နိုင်ငံမှ SME ကုမ္ပဏီများနှင့် လက်လီဖြန့်ချိသူများအသင်းမှ လုပ်ငန်းရှင်များကို  ဖိတ်ကြားခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး များ၊ အာဏာရညွန့်ပေါင်းပါတီများမှ အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။၊

ပြည်သူများ၏ အလုပ်အကိုင်များနှင့် ပတ်သက်၍  အကာအကွယ်ပေးသွားရန် အစိုးရက ဆုံးဖြတ် ချက်ချထားပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအား ဗိုင်းရပ်စပ်ပြန့်ပွားနိုင်သည့် သွားလာလှုပ်ရှားမှုများကို ရှောင်ရှားကြရန် တိုက်တွန်းနေပါကြောင်း၊ ဗိုင်းရပ်စ်ပိုး ဆက်လက်ပြန့်ပွားနေပါက နိုင်ငံ၏ စီးပွား ရေးတိုးတက်မှုလည်း ရပ်တန့်သွားနိုင်ကြောင်း Mr. Abe ပြောကြားခဲ့ပါသည်။ ထို့ကြောင့်  စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများ၏ အလုပ် အကိုင်များ ဆက်လက်ထိန်းသိမ်းပေးသွားရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် အဆိုပြုခဲ့ပြီး အဆိုပါစီးပွားရေးလုပ်ငန်းများကို  အစိုးရက ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသူ စီးပွားရေးလုပ်ငန်းရှင်များက  စီးပွားရေးပိုင်းပံ့ပိုးမှုများအဖြစ်  အသေးစားနဲ့အလတ်စားကုမ္ပဏီများကို ထပ်ဆောင်း ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးရန်တောင်းဆိုခဲ့ကြရာ Mr. Shizo Abe  က ၎င်းအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan